အလင်္ကာပုလဲပန်း၊ နောက်ဖယ်တွင်း၊ ဆက္ကဂံ၊ မျောက်သား

17-Oct-2020

နောက်ဖယ်တွင်း

စိတ်ဝင်စားစရာ စကားလုံးလေးက နောက်ဖယ်တွင်းဆိုတဲ့ စကားလုံးပါ။ ဗဟုသုတနည်းတယ်ပဲဆိုချင်ဆိုပါ။ အဲဒီစကားလုံးလေးကို အရင်က ကြားကို မကြားဖူးတာပါ။

ဆရာကြီး ဦးထွန်းတင့်ကို မေးကြည့်တော့ အဲဒီစကားလုံးဟာ သတ်ပုံကျမ်းမှာ အသစ်ဖြစ်ပေမဲ့ မြန်မာစာ အဘိဓာန်ထဲမှာ ဖွင့်ဆိုရှင်းလင်းပြီးသားလို့ ပြောပါတယ်။

အဘိဓာန်ထဲမှာရှာကြည့်တော့ နောက်ဖယ်ကိုရော၊ နောက်ဖယ်တွင်းကိုပါ တွေ့ရပါတယ်။ နောက်ဖယ်ဆိုတာ နောက်စေ့အောက်ဘက်နေရာ ဖြစ်ပြီး၊ နောက်ဖယ်တွင်းဆိုတာက ဦးခေါင်းနောက်ဘက်က ချိုင့်ခွက်လို့ အဓိပ္ပာယ်ဖွင့်ပေးထားပါတယ်။ အဘိဓာန်ရှင်းလင်းချက်က အဲသလောက်ပါပဲ။

ဆရာကြီးဦးထွန်းတင့်က ပိုပြီး အသေးစိတ်ရှင်းပြပါတယ်။ ဒါဟာမွန်တွေနဲ့ ဆက်သွယ်ပြောဆိုရာကနေ ရလာတဲ့စကားလို့ ဆရာကြီးဦးထွန်းတင့်ကဆိုပါတယ်။ မွန်တွေက နောက်ဖယ်ဆိုတဲ့ အသုံးကို များများ သုံးလေ့ရှိတယ်လို့ ဆိုပါတယ်။ နောက်ဖယ်က ဘာလဲဆိုတော့ နောက်ဖက်ပါပဲလို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။ ဖယ်ဟာ ဖက်နဲ့ အတူတူပဲလို့ ဆရာကြီးက ပြောပါတယ်။ ဗမာစကားမှာ အယ်၊ အက်၊ အဲ သရသုံးလုံးဟာ အဓိပ္ပာယ်တူ ဖလှယ်သုံးစွဲတဲ့ဓလေ့ရှိတယ်လို့ ဆိုပါတယ်။ ဖယ်၊ ဖက်၊ ဖဲတို့ဟာ အဓိပ္ပာယ်ချင်းနီးနီးစပ်စပ်တူတယ်လို့ ဆိုပါတယ်။ ဒီနေရာမှာတော့ ဖယ်နဲ့ ဖက်ဟာ ထပ်တူပါ။

ဒါ့ကြောင့် နောက်ဖယ်ဟာ နောက်စေ့ကို ပြောတာ ဖြစ်ပြီး နောက်ဖယ်တွင်းဆိုတာကတော့ အဲဒီနောက်စေ့အောက်က ချိုင့်ခွက် နေရာကလေးကို ခေါ်တာဖြစ်ပါတယ်။ နောက်စေ့အောက်၊ လည်ကုပ်ထိပ်က ချိုင့်ခွက်လေးကို နောက်ဖယ်တွင်းလို့ ခေါ်တယ်ဆိုတာဟာ အလွန်စိတ်ဝင်စားစရာ ကောင်းပြီး အလွန်အသုံးတည့်တဲ့ စကားလုံးလဲ ဖြစ်ပါတယ်။ အသုံးနည်းပြီး တိမ်ကောလုလုဖြစ်နေပြီလို့တော့ ထင်မိပါတယ်။ တွင်ကျယ်လာအောင် လူအများနားယဥ်လာအောင် ပြန်လည် ဖော်ထုတ်သုံးစွဲပေးသင့်တဲ့ စကားလုံးလေးပါ။

နောက်စေ့ရဲ့ အောက်ဖက်ကချိုင့်ခွက်လေးကို နောက်ဖယ်တွင်းလို့ခေါ်ပါတယ်

ဆက္ကဂံ

နောက်ထပ်တွေ့ရတဲ့ စကားလုံးလေးက ဆက္ကဂံပါ။ ဆက္ကဂံကတော့ အနားခြောက်ဖက်ပါတဲ့ ပုံကိုခေါ်တာလို့ ဆရာကြီး ဦးထွန်းတင့်က ရှင်းပြပါတယ်။ ကျွန်တော်တို့ စာသင်ကျောင်းတွေမှာ အနားခြောက်ဖက်၊ ထောင့်ခြောက်ထောင့်ပါတဲ့ပုံကို ဆဋ္ဌဂံလို့ သင်ခဲ့ဖူးပါတယ်။ ဆဋ္ဌဂံနဲ့ ဆက္ကဂံ အတူတူပါလားလို့ ဆရာကြီးကို မေးကြည့်ပါတယ်။

ဆရာကြီးက တကယ်တော့ ဆက္ကဂံကသာ ပိုမိုသင့်တော်တဲ့ အသုံးအနှုန်းလို့ ဆိုပါတယ်။ ဆဋ္ဌဆိုတာက ခြောက်ခုမြောက်လို့ ပါဠိလို အဓိပ္ပာယ်ရပါတယ်။ ဆက္ကဆိုတာက ခြောက်ခုရဲ့ အပေါင်းအစုလို့ ပါဠိလို အဓိပ္ပာယ်ရပါတယ်။ ဆဋ္ဌဂံလို့ဆိုရင် ဆဌမမြောက် အနားလို့သာ အဓိပ္ပာယ်ရပြီး ဆက္ကဂံလို့ သုံးမှသာ အနားခြောက်ဖက်ပါတဲ့ပုံလို့ အဓိပ္ပာယ်ထွက်ပါတယ်။ ဒါ့ကြောင့် ဆက္ကဂံက ပိုပြီး သင့်တော်တယ်လို့ ဆိုပါတယ်။

ဝေယန်

ဝေယန်ဆိုတဲ့ စကားလုံးလဲ ပါပါတယ်။ ဝေယန်ရဲ့ အဓိပ္ပာယ်က ဘာပါလဲ။ ဝေဇယန္တာ ကို ချုံ့ပြီး ပြောတာလို့ ဆရာကြီးက ဆိုပါတယ်။ မြန်မာသီချင်းကြီးတွေထဲမှာ ပြင်စည်မင်းသားကြီးရေးတဲ့ ဝေဇယန္တာယိုးဒယားဟာ နာမည်ကျော် ဂန္ထဝင် တေးတပုဒ်ပါ။ ဝေဇယန္တာဆိုတာဟာ သိကြားမင်းနေတဲ့ နန်းပြာသာဒ်ပါ။

ဆရာကြီးဦးထွန်းတင့်က ဝေဇယန္တာကို အသေးစိတ် သရုပ်ခွဲပြပါတယ်။ ဝေဇယန္တာဆိုတာ ဝေဇယ သို့မဟုတ် ဝိဇယ နဲ့ အန္တ ကို ပေါင်းစပ်ထားတာလို့ ဆိုပါတယ်။ ဝေဇယ၊ သို့မဟုတ် ဝိဇယ ဆိုတာဟာ (ရန်သူကို) အထူးအောင်နိုင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဝိ သို့မဟုတ် ဝေ က အထူး၊ ဇယ၊ ဇေယျ ဆိုတာက အောင်နိုင်ခြင်းပါ။ ဘုရားလောင်း ဝိဇယကုမ္မာမင်းသားရဲ့ နာမည်ဟာလဲ ဒီအဓိပ္ပာယ်ပါပဲ။ အန္တဆိုတာကတော့ အဆုံးတိုင်ဆိုတဲ့ အဓိပ္ပာယ်ပါတဲ့။ ဒါ့ကြောင့် ဝေဇယ အပေါင်း အန္တ၊ ဝေဇယန္တ သို့မဟုတ် ဝေဇယန္တာ ဆိုတာဟာ ရန်သူအပေါင်းကို ဆုံးခန်းတိုင် အထူးအောင်နိုင်ခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ဝေယန်ဆိုတာကလည်း ဝေဇယန္တာရဲ့ အတိုချုပ်ဖြစ်တဲ့ အတွက် အဓိပ္ပာယ် အတူတူပါပဲ။

မျောက်သား

ဇာတ်နိပါတ်တွေကို ဖတ်လေ့ဖတ်ထရှိသူတွေ ရင်းနှီးကျွမ်းဝင်ပါလိမ့်မယ်။ ခေတ်ပေါ်စာပေကိုသာ ဖတ်သူတွေ သိပ်ကြားဖူးမှာ မဟုတ်ပါဘူး။ ခေတ်ပေါ် စာပေမှာ မသုံးတော့သလောက်ဖြစ်တဲ့ အတွက် မျောက်သားဆိုတဲ့ စကားလုံးဟာလဲ တိမ်ကောလုလု စကားလို့ ဆိုရပါလိမ့်မယ်။

မျောက်သားဆိုတာ ကြင်ယာကို ပြောတာပါ။ ဇနီး သို့မဟုတ် ခင်ပွန်းကို မျောက်သားလို့ သုံးပါတယ်။

၁၉၇၈ ခုနှစ်က မြန်မာစာအဖွဲ့က သတ်ပုံကျမ်းထုတ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက ပြဋ္ဌာန်းသတ်ပုံ အဖြစ်ထုတ်ဝေတာမဟုတ်ဘဲ၊ မှီငြမ်းစာအုပ်အဖြစ်ထုတ်ဝေခဲ့တာပါ။ အဲဒီစာအုပ်ထဲမှာ မျောက်သားကို ရရစ်နဲ့ မြောက်သားဆိုပြီး မှားယွင်းပြဋ္ဌာန်းခဲ့ဖူးတယ်လို့ ဆရာကြီး ဦးထွန်းတင့်က ဆိုပါတယ်။

ဒီစကားလုံးက စိတ်ဝင်စားစရာ ကောင်းပါတယ်။ ဘာလို့ ဇနီး သို့မဟုတ် ခင်ပွန်းကို မျောက်သားလို့ ခေါ်သလဲ။ ဇနီး သို့မဟုတ် ခင်ပွန်းကို ခေါ်တဲ့ မျောက်သားဟာ တိရစ္ဆာန်မျောက်နဲ့ ဘာ့ကြောင့်စာလုံးပေါင်း တူနေပါသလဲ။

“မျောက်သားရဲ့ အဓိပ္ပာယ်က ဘာလဲဆိုရင် ဆက်စပ်သူ၊ ပတ်သက်သူ၊ နှီးနွယ်သူလို့ အဓိပ္ပာယ် ရတယ်။” လို့ ဆရာကြီးဦးထွန်းတင့်က ဆိုပါတယ်။ မျောက်ဆိုတာ တွယ်တာ၊ ကပ်တာ၊ နှီးတာ၊ နွှယ်တာလို့ ဆရာကြီးက ဆိုပါတယ်။ ဒီတော့ မျောက်သားဆိုတာ တွယ်သူ၊ ကပ်သူ၊ နှီးနွှယ်သူ၊ ဆက်စပ်သူ၊ ပတ်သက်သူကို ဆိုလိုတာ ဖြစ်ပါတယ်။

ဒါဆိုရင် ကြင်ယာမျောက်သားနဲ့ တိရစ္ဆာန်မျောက် ဘာ့ကြောင့် စာလုံးပေါင်းချင်း တူနေရသလဲဆိုတာ ပေါ်လွင်လာပါပြီ။ တိရစ္ဆာန်မျောက်ဟာလဲ တွယ်တတ်၊ ကပ်တတ်တဲ့ သတ္တဝါမို့ သူ့ကို မျောက်လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။ တိရစ္ဆာန်မျောက်ဟာ သစ်ပင်၊ သစ်ကိုင်းမှာ တွယ်ကပ်နေထိုင်တတ်တဲ့ သတ္တဝါဖြစ်ပါတယ်။ သတိပြုစရာ အချက်ကတော့ တိရစ္ဆာန်မျောက်ကို ကြည့်ပြီး ကြင်ယာကို မျောက်သားလို့ သုံးစွဲတာ မဟုတ်ဘူးဆိုတဲ့အချက်ပါ။ ကြင်ယာမျောက်သားကိုကြည့်ပြီး တိရစ္ဆာန်ကို မျောက်လို့ ခေါ်တာလဲ မဟုတ်ပါဘူး။

ခေတ်ပေါ်စာပေမှာ မသုံးတော့သလောက်ရှိသွားပြီဆိုပေမဲ့ ရခိုင်မှာတော့ မျောက်သားဆိုတဲ့စကားကို ကနေ့အထိ တချို့နေရာတွေမှာ သုံးပါသေးတယ်။ မောင်နှမဝမ်းကွဲကို မျောက်သားလို့သုံးပါတယ်။ ဒါပေမဲ့ မောင်နှမတိုင်းကို ဆိုလိုတာ မဟုတ်ပါဘူး။ အဖေနဲ့အမေ မောင်နှမအရင်းကမွေးဖွားတဲ့ ယောက်ျားလေးနဲ့ မိန်းကလေးကို သမီးမျောက်သားလို့ သုံးတတ်ပါတယ်။ အဖေနဲ့ အမေ မောင်နှမအရင်းကနေ မွေးဖွားတဲ့ မောင်နှမဝမ်းကွဲတွေကို ထိမ်းမြန်းပေးစားလေ့ရှိပါတယ်။ သူတို့ချင်းဟာ မွေးလာကတည်းက စေ့စပ်ပြီးသားလို့ အဓိပ္ပာယ် သက်ရောက်ပါတယ်။ အဖေညီအစ်ကိုရင်း၊ အမေညီအစ်မရင်းကနေ မွေးဖွားလာတဲ့ မောင်နှမဝမ်းကွဲတွေကို သမီးမျောက်သားလို့ မခေါ်သလို ထိမ်းမြန်းပေးစားလေ့လည်း မရှိပါဘူး။

အဖေ၊ အမေ မောင်နှမအရင်းက မွေးဖွားလာတဲ့ မောင်နှမဝမ်းကွဲကို သမီးမျောက်သားလို့ ခေါ်ဝေါ်သုံးစွဲပြီး ထိမ်းမြန်းပေးစားတဲ့ ဓလေ့ဟာ သာကီဝင် ဓလေ့ဖြစ်ပါတယ်။ မိမိမျိုးရိုးကို မြင့်မြတ်တယ်လို့ယူဆပြီး သွေးမနှောချင်လို့ အမျိုးချင်းပြန်လည် ထိမ်းမြန်းတာဖြစ်ပါတယ်။ မြတ်စွာဘုရားလောင်းဖြစ်တဲ့ သိဒ္ဓတ္ထမင်းသားနဲ့ ကြင်ယာတော် ယသော်ဓရာမင်းသမီးတို့ဟာ သမီးမျောက်သား ဖြစ်ပါတယ်။ မယ်တော်မာယာနဲ့ ဦးရီးတော် သုပ္ပဗုဒ္ဓတို့ဟာ မောင်နှမအရင်းဖြစ်ပါတယ်။

ရင်းမြစ်

မျောက်ဆိုတာ မနဲ့ယောက်ပေါင်းစပ်ထားတာဖြစ်ပါတယ်။ မဆိုတာ ကြီးမားတာ၊ မြင့်မြတ်တာဆိုတဲ့ အဓိပ္ပာယ် ရပြီး ယောက်က ပတ်သက်တာ၊ ဆက်စပ်တာ နှီးနွှယ်တာကို ဆိုလိုပါတယ်။ ယောက်ဖ၊ ယောက်မ၊ ယောက္ခမတို့မှာပါတဲ့ ယောက်ဟာလည်း အလားတူအဓိပ္ပာယ်ပဲလို့ ဆရာကြီး ဦးထွန်းတင့်ကဆိုပါတယ်။

Crd BBC News