သမ္မတထရမ့် ၁၀နှစ် ဝင်ငွေခွန်ပေးဆောင်ခြင်းမရှိဟု နယူးယောက်တိုင်းမ်သတင်းဌာနက ဖော်ပြ

29-Sep-2020

နယူးယောက် စက်တင်ဘာ ၂၈

အမေရိကန်သမ္မတထရမ့်အနေဖြင့် ရွေးကောက်ပွဲ အနိုင်ရခဲ့သည့် ၂၀၁၆ ခုနှစ်တွင် ဝင်ငွေခွန် ၇၅ ဒေါ်လာသာ ပေးဆောင်ခဲ့သလို ၁၀နှစ်ဝင်ငွေခွန်ပေးဆောင်ခြင်း မရှိခဲ့ကြောင်း နယူးယောက်တိုင်းမ် သတင်းဌာနက ယမန်နေ့တွင် ဖော်ပြခဲ့သည်။

အရှုံးပြ

ထိုသို့ အခွန်ပေးဆောင်ခြင်းမရှိသည်မှာ သူ၏လုပ်ငန်းများ အရှုံးပေါ်ခြင်းကြောင့်ဟု အကြောင်းပြချက် ပေးထားကြောင်း ဆက်လက်ဖော်ပြသည်။ နယူးယောက်တိုင်းမ်က “ထရမ့် အနေနဲ့ သူ့စီးပွားရေးလုပ်ငန်းစုတစ်ခုလုံးကို ခြုံကြည့်ရင် အရှုံးပေါ်ခဲ့တယ်ဆိုတဲ့ အကြောင်းပြချက် ပေးပါလိမ့်မယ်။ သမ္မတက ၂၀၁၈ ခုနှစ်မှာ သူ့လုပ်ငန်းက ဝင်ငွေ ၄၃၄ ဒသမ ၉ သန်း ရရှိခဲ့တာတောင် ၄၇ ဒသမ ၄ သန်းရှုံးခဲ့တယ်လို့ ရှင်းချက်ပေးထားတာပါ” ဟု ဖော်ပြခဲ့သည်။ အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး သမ္မတထရမ့်က သတင်းမှားများဖြစ်ကြောင်း ချက်ချင်းဆိုသလို တုံ့ပြန်ခဲ့သည်။

အစဉ်အလာပျက်ယွင်း

အမေရိကန်သမ္မတများအနေဖြင့် ဥပဒေကြောင်းအရ ကိုယ်ရေးကိုယ်တာ ဘဏ္ဍာရေးအချက် အလက်များကို ထုတ်ပြန်စရာ မလိုအပ်သော်လည်း သမ္မတနှစ်ဆင်လက်ထက်ကစပြီး သမ္မတတိုင်းက မိမိတို့၏ငွေကြေးကိစ္စရပ်များကို ချပြသည့် အစဉ်အလာတစ်ရပ် ထွန်းကားလာခဲ့သည်။ သို့ရာတွင် ထရမ့်က သူ၏အခွန်ရှင်းတမ်းကိစ္စရပ်များကို အသေးစိတ်ချပြရန် ငြင်းဆိုလိုက်ခြင်းဖြင့် ယခင်သမ္မတအဆက်ဆက် လုပ်ဆောင်ခဲ့သည့် အစဉ်အလာကို ချိုးဖျက်လိုက်သည်ဟူသော ဝေဖန်မှုများလည်းထွက်နေသည်။ သူ၏အခွန်ရှင်းတမ်းကိစ္စရပ်သည် ၂၀၁၆ သမ္မတ ရွေးကောက်ပွဲတွင် အဓိကဆွေးနွေးစရာ အချက်တစ်ခုဖြစ်ခဲ့ကာ အခွန်နှုန်းထား အနည်းဆုံးဖြစ်စေရမည်ဟူသော ထရမ့်၏ အခွန်ဥပဒေကြမ်းကလည်း ၂၀၁၆ရွေးကောက်ပွဲတွင်လူထုထောက်ခံမှုတိုးပွားလာခဲ့သည့် အချက်ဖြစ်သည်။

ထရမ့်လုပ်ငန်းစု၏ ရှေ့နေအလန်ဂါတန်က သမ္မတအနေဖြင့် ပြီးခဲ့သည့် ၁၀ နှစ်ကာလ အတွင်း ဗဟိုအစိုးရသို့ ဝင်ငွေခွန် သန်းပေါင်းများစွာ ပေးဆောင်ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထရမ့်က သူ့အနေဖြင့် ဝင်ငွေခွန်များစွာကို ပေးဆောင်ခဲ့သည်ကို မကြာမီချပြသွားမည်ဟုသာ တုံ့ပြန်ထားပြီး စာရွက်စာတမ်းများကို ချပြရန် နှောင့်နှေးနေဆဲဖြစ်သည်။

 

ကိုးကား-စီအင်န်အေ၊ ဘာသာပြန်-မေလဲ့သင်း