သမ္မတကို တရားစွဲဆိုတိုင်ကြားချက် လက်ခံသင့်/မသင့် တရားရုံးဆုံးဖြတ်မည်

06-Jan-2021

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းတို့ကို တရားစွဲဆို တိုင်ကြားချက် လက်ခံသင့်/မသင့်ကို လာမယ့် ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ကြားနာဆုံးဖြတ်မယ်လို့ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးက ဇန်နဝါရီလ ၅ ရက်နေ့က ကြေညာပါတယ်။

နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အပါအဝင် လေးဦးကို တရားရုံးအနေနဲ့ အာဏာပိုင်မေး စာချွန်တော်အမိန့် ထုတ်ပြီး စစ်ဆေးပေးဖို့ အမျိုးသားရေးလှုပ်ရှားသူ ရှေ့နေ ဦးဇော်ဝိတ်က တိုင်ကြားလျှောက်ထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း အပါအဝင် ၁၅ ဦးကိုတော့ ယခင် စစ်ဥပဒေချုပ်ဟောင်းလည်း ဖြစ်၊ လက်ရှိ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌလည်း ဖြစ်တဲ့ ဦးစိုးမောင်နဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ (USDP) တို့က တိုင်ကြားထားတာပါ။

ရွေးကောက်ပွဲ တရားမမျှတမှု စွပ်စွဲချက်တွေနဲ့ ကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းကို တိုင်ကြားထားတာ ဖြစ်ပေမယ့် နိုင်ငံတော်သမ္မတကို ဘာကြောင့် တိုင်ကြားထားတာလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

အာဏာပိုင်မေး စာချွန်တော်အမိန့်ဆိုတာဟာ အစိုးရအာဏာပိုင်တွေရဲ့ လုပ်ရပ်ကြောင့် ထိခိုက်နစ်နာတယ်လို့ ယူဆရင် ပြန်လည် တရားစွဲဆိုနိုင်ဖို့ ခွင့်ပြုထားတဲ့အမိန့် ဖြစ်ပါတယ်။ အာဏာပိုင်မေး စာချွန်တော်အမိန့် လျှောက်ထားမှုမှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရဲ့ အဆုံးအဖြတ်ဟာ အပြီးသတ် အတည်ဖြစ်တယ်လို့ ဥပဒေမှာ ပြဌာန်းထားပါတယ်။

RFA Burmese