ရွေးကောက်ပွဲကော်မရှင်ကို ဆန္ဒပြသူနှစ်ဦး ထောင်ဒဏ်တစ်လစီ ချမှတ်ခံရ

13-Nov-2020

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲဟာ လွတ်လပ်မျှတမှု မရှိဘူးဆိုပြီး၊ နေပြည်တော်ရှိ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ရုံးရှေ့မှာ နိုဝင်ဘာ ၁၁ ရက်နေ့က နှင်းဆီပါတီနဲ့ ကြံခိုင်ရေးဖွံဖြိုးရေးပါတီဝင်တချို့နဲ့ ဝန်းရံသူတချို့ ကန့်ကွက်ဆန္ဒပြခဲ့ပြီး အဲဒီအထဲက ခေါင်း‌ဆောင်နှစ်ဦးကို၊ ဥတ္တရသီရိမြို့နယ် တရားရုံးက ထောင်ဒဏ်တစ်လစီ ချမှတ်လိုက်တာ ဖြစ်ပါတယ်။

ဥတ္တရသီရိမြို့နယ်တရားရုံး ပြန်ကြားရေးအရာရှိ ဒေါ်မေဆုမွန်ကျော် က ဆန္ဒပြပွဲကို  ဦးဆောင်သူ နှစ်ယောက်ဟာ  အပြစ်ရှိကြောင်း သူတို့ကိုယ်တိုင် ဝန်ခံတဲ့အတွက်၊  ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ အခုလို အမိန့်ချလိုက်တာလို့ သတင်းမီဒီယာတွေကို ပြောပါတယ်။

"ငြိမ်းချမ်းစွာစုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ အမိန့်ချလိုက် တာပါ။ သူတို့ အမှုအမျိုးအစားကလေ သာမန်အမှုအမျိုးအစားဖြစ်တယ်။ သာမန်အမှုအမျိုးအစားဖြစ်တဲ့ အတွက်ကြောင့် စွပ်စွဲခံရသူတွေ ရုံးရှေ့ ရောက်လာတဲ့အခါကျရင် ပြစ်မှုအကြောင်းအရာနဲ့ပတ်သက်ပြီး သူတို့ကို အပြစ်ရှိ၊ မရှိ မေးမြန်းပါတယ်။ သူတို့က တကယ်လို့ အပြစ်ရှိတယ်လို့ ဝန်ခံခဲ့မှသာလျှင် ရုံးက နေပြီးတော့ အမိန့်ချမှတ်တယ်။ ပြစ်ဒဏ်အနေနဲ့ကတော့ အလုပ်နဲ့ ထောင် ဒဏ်တစ်လစီ ချမှတ်ခဲ့ပါတယ်"

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၁ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်လောက်က လူ ၅၀ ဝန်းကျင်လောက်ဟာ နေပြည်တော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး ရှေ့မှာ  တရားမျှတမှုမရှိသော ရွေးကောက်ပွဲကော်မရှင် အလိုမရှိ၊ မတရားမှုမှန်သမျှ ဆန့်ကျင်ကြ၊ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်ရေး ဒို့အရေး၊ စတဲ့ စာသားတွေ ပါဝင်တဲ့ ပိုစတာ ဆိုင်းဘုတ်တွေကိုကိုင်ဆောင်ပြီး ဆန္ဒပြခဲ့ကြတာပါ။

အဲဒီလို ဆန္ဒဖော်ထုတ်မှုကို ရဲတပ်ဖွဲ့ က တားမြစ်ခဲ့ပြီးနောက် ဆန္ဒပြပွဲ ဦးဆောင်သူ နှစ်ယောက်ဖြစ်တဲ့ နေပြည်တော် ဒက္ခိဏသီရီမြို့နယ်မှာနေထိုင်တဲ့ ဦးဇော်ဦး (ခ) ဦးဇော်လင်း နဲ့ လယ်ဝေးမြို့နယ်မှာနေတဲ့ ဦးညီညီ (ခ) ဦးထွန်းမြင့်အောင် တို့ကို ငြိမ်းချမ်းစွာစီတန်းခွင့်နဲ့ စီတန်းလှည်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ နဲ့ နေပြည်တော် ဥတ္တရသီရိ မြို့မရဲစခန်းမှာ အဲဒီနေ့မှာပဲ အမှုဖွင့်ခဲ့ပြီး ဥတ္တရသီရိမြို့နယ် တရားရုံးက နောက်တစ်ရက် နိုဝင်ဘာ ၁၂ ရက်နေ့မှာပဲ အမိန့်ချခဲ့တာဖြစ်ပါတယ်။

ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ဒက္ခီဏသီရိမြို့နယ်  ရွေးကောက်ပွဲအောင်နိုင်ရေး ကမ်ပိန်းမန်နေဂျာ အဖွဲ့ဝင်၊ ဒေါ်ရီရီဝင်း  အခုထောင်ချခံလိုက်ရသူ နှစ်ဦးကိစ္စနဲ့ ပတ်သက်ပြီး အဆုံးထိ တရားရင်ဆိုင်သွားမယ်လို့ပြောပါတယ်။

"၁၁ရက် နေ့က သူတို့က ဆန္ဒပြတယ်၊ ဆန္ဒပြပြီးတော့ သူ့ကိုဖမ်းတဲ့ အချိန်မှာ ရဲစခန်းကနေပြီး တရားရုံးကို ခေါ်သွားတယ်၊ ပထမတုန်းကတော့ သူတို့က ဒဏ်ငွေနဲ့ပဲပေးမယ်လို့ ပြောတယ်ရှင့်၊ ဒဏ်ငွေနဲ့ပဲပေးမယ်လို့ ပြောပြီးတော့ ကျမတို့သိသလောက်ပေါ့နော် ဒဏ်ငွေနဲ့ပဲပေးမယ်ဆိုပြီးတော့ နေရင်းနေရင်းနဲ့ နေ့ခင်း ၂ နာရီလောက်ကျတော့ တစ်ခါထဲ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်လဆိုပြီးတော့ ချက်ချင်းချလိုက်တယ်။ ပြီးတော့လဲ ချက်ချင်း ရမည်းသင်းထောင်ကို ပို့မယ်လို့လည်း ပြောတယ်။ ပါတီဝင်က ကျမတို့တို့က သုံးယောက်ပဲ ပါတာပါရှင့်၊ ကျမတို့က အရှင်းဆုံးပြောရရင်ကတော့ နောက်ဆုံးထိအောင် ရင်ဆိုင်ဖို့ကတော့ ကျမတို့က တွေးထားပါတယ်။"

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော် ကတော့ ဒီအမှုအမျိုးအစားက ရာဇဝတ်မှုအသေးဖြစ်ပြီး၊ တရားရုံးရှေ့ရောက်ရင် တရားခံကို ကျူးလွန်ခြင်းရှိ၊ မရှိ မေးမြန်းပြီး ကျုးလွန်ကြောင်း ဝန်ခံရင် ချက်ချင်း အမိန့်ချလို့ရတယ်၊ မကျေနပ်ရင်တော့ အယူခံကို တစ်လအတွင်း တင်သွင်းခွင့်ရှိတယ်လို့ မှတ်ချက်ပေးပါတယ်။

"ရာသေး ( ရာဇဝတ် အထွေထွေ အသေးအမှု ) အနေနဲ့ စစ်လို့ ချက်ချင်း ရုံးရောက်၊ ရုံးရောက်တဲ့အခါ တရားသူကြီးကလည်းမေးရတယ်ဗျ ရာသေး (ရာဇဝတ်အထွေထွေ အသေး အမှု ) အမှုကိုလေ၊ မေးတဲ့အခါကျတော့ တရားသူကြီးက ချက်ချင်းအမိန့်ချလို့လည်းရတယ် တစ်ပတ်ချိန်းထားပြီးမှ အမိန့်ချလို့လည်းရတယ်၊ အခုကိစ္စမျိုးတွေကတော့ ချက်ချင်းအမိန့်ချလို့ရရင်လည်း ချမှာပေါ့ဗျာ။"

ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၁၉ အရ၊ မည်သူမဆို ပုဒ်မ ၄ ပါ ပြဌာန်းချက် တွေနဲ့အညီ သက်ဆိုင်ရာကို အသိပေးတင်ပြခြင်းမရှိဘဲ၊ စုဝေးတာ ဒါမှမဟုတ် စီတန်းလှည့်လည်ကြောင်း ပြစ်မှုထင်ရှားရင်၊ သုံးလထက် မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်သုံးသောင်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမယ်လို့ ပြဌာန်းထားပါတယ်။

အခု ထောင်ဒဏ်တစ်လ ချမှတ်ခံလိုက်ရတဲ့ နှစ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဦးညီညီဟာ ရွေးကောက်ပွဲမတိုင်ခင်တုန်းက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကို အမှူဖွင့်ဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က မဲဆွယ်စည်းရုံးအတွက် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရွှေကြာပင်ရပ်ကွက်ရှိ NLD ပါတီဝင်တွေရဲ့နေအိမ်ကို သွားရောက်ခဲ့တဲ့အတွက်၊ ကိုဗစ်ကာလ ဒေသန္တရ အမိန့်ကို ဖောက်ဖျက်ခဲ့တယ်ဆိုပြီး  ဦးညီညီက ရဲစခန်းမှာအမှုဖွင့်ဖို့ ကြိုးစားခဲ့ဖူးကြောင်း သိရပါတယ်။

Crd RFA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။

 

တရားမျှတတဲ့ရွေးကောက်ပွဲမဟုတ်ဘူးဆိုတာ စွပ်စွဲချက်ပဲဖြစ်တယ်လို့ ကော်မရှင်ပြော