စမ်းချောင်းမြို့နယ်တွင် ဆရာဝန်ကိုသတ်သည့်အမှုမှ ပြစ်မှုကျူးလွန်သူအား ဖော်ထုတ်ဖမ်းဆီးရမိ

07-Nov-2020

ရန်ကုန် နိုဝင်ဘာ ၆

ရန်ကုန်မြို့ စမ်းချောင်းမြို့နယ် စမ်း/မြောက်ရပ်ကွက် မင်္ဂလာလမ်းနေ ဒေါက်တာ စောခိုင်သည် နိုဝင်ဘာ ၃ ရက် နံနက် ၇ နာရီ ၂၅ မိနစ်ခန့်တွင် ဆေးခန်း သွားရန် နေအိမ်ရှေ့ လမ်းမပေါ်၌ ရပ်ထားသော ၎င်းပိုင်ယာဉ်ကို တံခါးဖွင့်စဉ် အမျိုးသားတစ်ဦးက ဓားဖြင့်ထိုး၍ ထွက်ပြေးသွားသဖြင့် ဒေါက်တာ စောခိုင်၏ လည်ပင်း၊ ရင်ဘတ်၊ နောက်ကျော၊ ဝဲဘက်လက်မောင်းတို့တွင် ထိုးသွင်း ဓားဒဏ်ရာများဖြင့် နေရာတွင် လဲကျသေဆုံးသွားသောကြောင့် ဒေါက်တာ စောခိုင်၏ ဇနီး ဒေါ်----က တရားလိုပြုလုပ်တိုင်တန်းချက်အရ စမ်းချောင်းမြို့မ ရဲစခန်းက အမှုဖွင့်အရေးယူခဲ့သည်။

အဆိုပါအမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက ပြစ်မှု ကျူးလွန်သူ အမြန်စုံစမ်းဖော်ထုတ်သွားရန် ညွှန်ကြားချက်အရ ရန်ကုန် တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံး၊ မှုခင်းအကူဌာနစုမှ တပ်ဖွဲ့ဝင်များ၊ အုပ်ချုပ်မှု ဌာနခွဲမှ တပ်ဖွဲ့ဝင်များ၊ အနောက်ပိုင်းခရိုင် မှုခင်းနှိမ်နင်းရေးဌာနစုမှ တပ်ဖွဲ့ဝင် များနှင့် စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် အခင်းဖြစ်ရပ် ပတ်ဝန်းကျင်နှင့် မျက်မြင်သက်သေများအား စစ်မေးခြင်းနှင့် ပြစ်မှုကျူးလွန်သူ ၏ ပုံပန်းသဏ္ဌာန်ကို ရေးဆွဲဖော်ထုတ်ရှာဖွေခြင်း၊ စီစီတီဗွီမှတ်တမ်းများ ကြည့်ရှုစစ်ဆေးရာ ပြစ်မှုကျူးလွန်သူ တိုးဝေဝင်း (ခ) နေသူရိန် (ခ) မြသိန်းကို ၎င်းပုန်းအောင်းနေသည့် မရမ်းကုန်းမြို့နယ် မုဒိတာအိမ်ရာ၌ နိုဝင်ဘာ ၆ ရက် နံနက် ၉ နာရီခွဲခန့်တွင် ဖမ်းဆီးရမိခဲ့ပြီး အခင်းဖြစ်ပွားစဉ် ယူဆောင် လာသော လက်ဆွဲအိတ်၊ သက်သေခံဓား၊ အဝတ်အစားတို့ကို သိမ်းဆည်းရမိ ခဲ့သည်။

ဖမ်းဆီးရမိသူ တိုးဝေဝင်း (ခ) နေသူရိန် (ခ) မြသိန်းအား ဥပဒေနှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ရဲပြန်ကြား