သေဆုံးအမတ် ဦးထိုက်ဇော်ရဲ့လစ်လပ်နေရာအတွက် ကြားဖြတ်မှပြန်ရွေးမယ်

23-Nov-2020

အနိုင်ရ ကျောက်မဲခရိုင် မဲဆန္ဒနယ်အမှတ်(၁) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် သေဆုံးခဲ့တဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို ထူးခြားဖြစ်စဉ်အနေနဲ့ တင်ပြထားတယ်လို့ ကျောက်မဲခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ၊ အတွင်းရေးမှူး ဦးကျော်ကျော်က ဘီဘီစီကိုပြောပါတယ်။ဦးထိုက်ဇော်နေရာ လစ်လပ်သွားတဲ့ အတွက်ကိုတော့ လာမယ့်ကြားဖြတ် ရွေးကောက်ပွဲကျမှသာ ပြန်လည်ရွေးချယ်နိုင်မယ်လို့ဆိုပါတယ်။

’’ဥပဒေအရဆိုရင်တော့ ရွေးကောက်ပွဲကျင်းပပြီးပထမနှစ်နဲ့ ပဉ္စမနှစ်တွေမှာ ကြားဖြတ်ရွေးကောက်ပွဲ လုပ်ခွင့်မရှိတော့ ဒုတိယမြောက်နှစ် ကြားဖြတ်ကျတော့မှပြန်လုပ်ရမယ်၊နောက်တခုက သူက တရားဝင်အမိန့်ပြန်တမ်းနဲ့ အနိုင်ရကိုယ်စားလှယ်အဖြစ် ကြေငြာပြီးဖြစ်လို့ လွှတ်တော်မတက်ရ သေးပေမယ့် သူက ကိုယ်စားလှယ်ဖြစ်ပြီ၊ အဲဒီအတွက် လစ်လပ်နေရာပါပဲ ကြားဖြတ်မှာပဲ ပြန်ရွေးချယ်ရမှာပါ’’ လို့ဦးကျော်ကျော်ကရှင်းပြပါတယ်။လက်ရှိမှာ ဦးထိုက်ဇော် သေဆုံးမှုနဲ့ပတ်သက်ပြီး လက်နက်အားကိုးနဲ့လုပ်ကြံသတ်ဖြတ်တဲ့အကြမ်းဖက်လုပ်ရပ်ကို ပြင်းထန်စွာ ရှုံ့ချတယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ထုတ်ပြန်ထားပါတယ်။ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ SNLD ဘက်ကလည်း အကြမ်းဖက်လုပ်ရပ်လုပ်ဆောင်သူကိုပြင်းထန်စွာရှံ့ချပြီး ကျူးလွန်သူကို အမြန်ဆုံးဖော်ထုတ်အရေးယူဖို့ ဆိုပြီးထုတ်ပြန်ထားပါတယ်။ဦးထိုက်ဇော် ရဲ့ဈာပနာအခမ်းအနားကိုတော့ ဒီနေ့နိုဝင်ဘာ(၂၂)ရက် မွန်းလွဲပိုင်း(၂)နာရီမှာကျောက်မဲမြို့ အေးချမ်းသာသုသာန်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ ဦးထိုက်ဇော်ဟာ ကျောက်မဲမြို့နယ်ပင်တိန် ရွာ က သူ့ရဲ့ နေအိမ်မှာ နိုဝင်ဘာ(၂၁)ရက် ညနေ  ၆ နာရီလောက်က ကွမ်းရောင်းဖို့ ကွမ်းယာနေချိန်မှာ သေနတ်နဲ့ပစ်ခတ်ခံခဲ့ရ လို့သေဆုံးခဲ့တာပါ။သူဟာ ၂၀၂၀ အထွေထွေကောက်ပွဲမှာ ကျောက်မဲခရိုင်ကနေ နှစ် ၃၀အတွင်း NLD ပါတီက ပထမဆုံးအနိုင်ရရှိတဲ့ အနိုင်ရ ကိုယ်စားလှယ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်ကလည်း ကျောက်မဲမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ အိမ်ကို လည်း ညပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ဖြစ်စဉ်လည်း ဖြစ်ခဲ့ပါသေးတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ-NLD (ကျောက်မဲ)

NLD အနိုင်ရ အမတ် အသတ်ခံရမှု နိုင်ငံရေးပါတီတွေ ကန့်ကွက်ရှုတ်ချ

အနိုင်ရ NLD အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် ကျောက်မဲမှာ သေနတ် နဲ့ပစ်ခံရလို့သေဆုံး