မြန်မာ့ဒီမိုကရေစီရေး သြစတြေးလျ ဆက်လက်ထောက်ခံသွားမည်

15-Nov-2020

မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းတဲ့ ရွေးကောက်ပွဲဟာဆိုရင် နိုင်ငံရဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှာ အရေးကြီးတဲ့ မှတ်တိုင်တခု ဖြစ်ပါတယ်လို့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Marise Payne က ကြေညာချက် ထုတ်ပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကထုတ်တဲ့ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီးရဲ့ ကြေညာချက်မှာတော့ ဒီမိုကရေစီ အပြည့်အဝ ရရှိရေးအတွက် မြန်မာနိုင်ငံကို ဆက်လက် ထောက်ခံသွားမယ့်အကြောင်း ဖော်ပြပါတယ်။

နောက် ဒီမိုကရေစီ လုပ်ငန်းစဉ်မှာ ရိုဟင်ဂျာတွေ အပါအဝင် လူနည်းစု တိုင်းရင်းသားတွေလည်း အပြည့်အဝ ပူးပေါင်းပါဝင်နိုင်ရေးအတွက် လာမယ့် မြန်မာအစိုးရသစ်ဘက်က အသေအချာ ဆောင်ရွက်ဖို့ကိုလည်း အားပေး တိုက်တွန်းထားပါတယ်။

မဲပေးပွဲမလုပ်ခဲ့တဲ့ ဒေသတွေမှာလည်း အတတ်နိုင်ဆုံး အစောဆုံး ပွင့်လင်းမြင်သာမှုရှိရှိ အားလုံးပါဝင်နိုင်တဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေ ကျင်းပဖို့ မျှော်လင့်ကြောင်းလည်း ဖော်ပြပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အမတ်နေရာအများစု အနိုင်ရထားတဲ့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ရခိုင်ပြည်နယ်က အများစုပါတဲ့ မြို့နယ် ၁၅ ခုနဲ့ ကျေးရွာအုပ်စုတချို့က ပြည်သူတွေ မဲပေးခွင့် မရခဲ့ပါဘူး။ ဒီဒေသတွေမှာ ကြားဖြတ်ရွေးကောက်ပွဲ ဘယ်တော့ကျင်းပနိုင်မလဲ ဆိုတာကတော့ မရေမရာ ရှိနေဆဲပါ။

Crd VOA News