သိန်း(၁၅၀၀) ကျော် အလွဲသုံးစားမှုနဲ့ တရားစွဲခံထားရတဲ့ FDA ညွှန်ချုပ်ဟောင်းကို အမိန့်ချမည်

21-Jan-2021

အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ (၅၆) နဲ့ တရားစွဲဆိုခံထားရတဲ့ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ညွန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသန်းထွဋ်ကို လာမယ့် ဖေဖော်ဝါရီလ ၄ ရက်နေ့မှာ အမိန့်ချမယ်လို့ မန္တလေးတိုင်း တရားလွှတ်တော်က တစ်ဆင့် သိရပါတယ်။

မန္တလေး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရပြီး အမှုရင်ဆိုင်နေတဲ့  ဒေါက်တာသန်းထွဋ်ကို ဒီကနေ့ နောက်ဆုံးအကြိမ် ရုံးထုတ် စစ်ဆေးခဲ့တာပါ။

အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ ဒေါက်တာသန်းထွဋ်ရဲ့ ရှေ့နေ ဒေါ်ခင်ခင်တော်က သူရဲ့အမှုသည်ဟာ အပြီးသတ် အမိန့်ချရမယ့် အချိန်ကာလထက် တစ်နှစ်လောက်ပိုပြီး ထောင်ထဲမှာ ချုပ်နှောင် ခံနေရတယ်လို့ ဒီကနေ့ရုံးထုတ်မှာ RFA ကို ပြောပါတယ်။

ဒေါက်တာသန်းထွဋ်ဟာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန စီမံကိန်းတွေကနေ ငွေကျပ်သိန်း (၁၅၀၀) ကျော် အလွဲသုံးစား မှုရှိခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားခံခဲ့ရတာကြောင့် (၂၀၁၈)ခုနှစ် ဧပြီလက နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ရဲစခန်းမှာ အမှုဖွင့် တရားစွဲဆိုခံခဲ့ရတာပါ။

အဲ့ဒီနောက် မန္တလေးတိုင်း တရားလွှတ်တော်မှာ အမှုလွဲပြောင်း စစ်ဆေးခဲ့ပြီး အမှုနဲ့ပတ်သက်တဲ့ တရားလိုပြသက်သေ (၃၂) ဦးကို စစ်ခဲ့တာဖြစ်ပါတယ်။

ဒေါက်တာသန်းထွဋ်ဟာ သူပိုင်ဆိုင်တဲ့ နေပြည်တော် ရွှေကြာပင်ရပ်ကွက် မြေကွက်ပေါ်မှာ အိမ်ဆောက်ဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေ ဝယ်ယူတာ၊ နောက်ထပ် သူပိုင်ဆိုင်တဲ့ နေပြည်တော် ရွာသစ်ရွာက မြေကွက်ပေါ်မှာ ခြံစည်းရိုးကာရံတာ၊ တစ်ထပ်တိုက် နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တိုက်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန် တစ်ခုနဲ့ ရေပန်းတစ်ခုအတွက် စုစုပေါင်း ကုန်ကျစရိတ် တန်ဖိုးငွေ ကျပ်သိန်း (၁၅၀၀) ကျော်ကို အဆောက်အအုံ ဆောက်လုပ်ဖို့ တင်ဒါအောင်မြင်တဲ့ ရဲတိုက်မြို့တော် ကုမ္ပဏီကို မပေးဘဲ အာဏာအလွဲသုံးစား လုပ်ခဲ့တာ စစ်ဆေး ပေါ်ပေါက်ခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ရုံးထုတ်မှာ အမှုနဲ့ ပတ်သက်ပြီး ဒေါက်တာသန်းထွဋ်ကို သတင်းထောက်တွေက မေးမြန်းခဲ့ကြပေမယ့် ဘာမှပြောစရာမရှိဘူးလို့ပဲ တုံ့ပြန်ခဲ့ပါတယ်။

ဒေါက်တာသန်းထွဋ်ကို တရားစွဲဆိုထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ (၅၆) ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် (၁၀) နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။
Photo - ခေမဏီဝင်း/RFA

RFA Burmese