ထွန်းထွန်းမင်းနှင့် ရာမာန် ပွဲတွင် ပွဲစီစဉ်သူထံမှ သတင်းအချက်အလက်များ ယူနိုင်မည်

06-Dec-2020

ရန်ကုန်   ဒီဇင်ဘာ  ၅

ရန်ကုန်မြို့ သိမ်ဖြူ   ရိုးရာလက်ဝှေ့ အားကစားရုံ၌  ဒီဇင်ဘာ  ၆   ရက် မွန်းလွဲ ၂ နာရီတွင် ထွန်းထွန်းမင်းနှင့် ပထမတန်း   တက်သစ်စ  မျိုးဆက် သစ်လူငယ်  ရာမာန်တို့    ယှဉ်ပြိုင် ထိုးသတ်မည့် ပဉ္စမအကြိမ်   မြန်မာ့ ရိုးရာ   လက်ဝှေ့ချန်ပီယံပြိုင်ပွဲတွင် ပြည်တွင်း၊  ပြည်ပ     မီဒီယာများ ဝင်ရောက်    သတင်းယူခွင့်ပြုမည် မဟုတ်ဘဲ ပွဲစီစဉ်သူထံမှ သတင်းနှင့် လိုအပ်သော ရုပ်ပုံနှင့် ဗီဒီယိုဖိုင်များ ရယူနိုင်မည်ဖြစ်ကြောင်း    ပွဲစီစဉ်သူ ဦးဝဏ္ဏက ပြောကြားသည်။

“ ဒီ ထွန်းထွန်းမင်းနဲ့   ရာမာန် ယှဉ်ပြိုင်ထိုးသတ်တဲ့ပွဲမှာ ပြည်တွင်း၊ ပြည်ပ  ဘယ်မီဒီယာကိုမှ   သတင်း ယူခွင့်ပေးမှာ မဟုတ်ပါဘူး။ သတင်း ဓာတ်ပုံ၊   ဒါမှမဟုတ်   လိုအပ်တဲ့ သတင်းထုတ်ပြန်မှုနဲ့ ပတ်သက်တာ တွေအားလုံးကို  ကျွန်တော်တို့ဆီကနေ ဆက်သွယ်ယူနိုင်ပါတယ်” ဟု အဆိုပါ ပဉ္စမအကြိမ် မြန်မာ့ရိုးရာ လက်ဝှေ့ ချန်ပီယံပြိုင်ပွဲ (MLWC-5) ကို စီစဉ် ကျင်းပသည့် ဦးဝဏ္ဏက သတင်းရယူ နိုင်မှုနှင့်ပတ်သက်၍ ရှင်းပြသည်။

အဆိုပါပွဲတွင် အဓိက ပွဲစဉ်အဖြစ် ထွန်းထွန်းမင်း နှင့်ရာမာန်၊ အခြားပွဲစဉ်များတွင် စောအရိုင်းနှင့် ဓနအောင်၊ ဗျ ဂ္ဃနှင့် စောထိန်လင်း၊ စောရွှေလေးနှင့် အဖိုးသွေး၊ ကျားသွေးနှင့် သားဒိန်း၊ ကနောင်သွေးနှင့် ပိုင်သက်အောင်တို့ ယှဉ်ပြိုင်ထိုးသတ်ကြမည် ဖြစ်သည်။

“ကျွန်တော့်အမြင် ပြောရရင်တော့ ဒီလိုရိုးရာလက်ဝှေ့ပွဲတွေကို ခုလိုအချိန်မှာ ဝါသနာရှင် ပြည်သူ အများစုက ကြည့်ချင်ကြမှာပါပဲ။ ဝါသနာရှင်ပြည်သူအများ ကြည့်ရှုနိုင်မယ့် Free to  Air ရုပ်သံလိုင်း  တစ်လိုင်းလိုင်းကပဲဖြစ်ဖြစ် လွှင့်ပေးသင့်တယ်လို့ မြင်ပါတယ်”ဟု ရိုးရာ လက်ဝှေ့ဝါသနာရှင်တစ်ဦးက ယခု ကျင်းပမည့်  MLWC-5  ပွဲနှင့် ပတ်သက်၍ ၎င်း၏အမြင်ကို ပြောသည်။

Myanmar Lethwei World Championship- 5 (MLWC-5) ပြိုင်ပွဲကို    စကိုင်းနက်ရုပ်သံလိုင်းများမှ ထုတ်လွှင့်မည် ဖြစ်ပြီး အခြားမည်သည့် ရုပ်သံလိုင်းမှ ထုတ်လွှင့်ပြသသွားမည် မဟုတ်ကြောင်း သိရသည်။

မင်းခေတ်