တပ်မတော်ကဖွဲ့တဲ့ ငြိမ်းချမ်းရေးကော်မတီ

10-Nov-2020

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ထာဝရ ငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးတဲ့အထိ လိုအပ်တာကြောင့် တွေ့ဆုံဆွေးနွေးဖို့ ရှိလာရင် ဆက်လက်ဆွေးနွေးနိုင်ဖို့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီ ဖွဲ့စည်းလိုက်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က သတင်းထုတ်ပြန်ပါတယ်။ ဒီအဖွဲ့က တကယ်ငြိမ်းချမ်းရေး ရအောင် လုပ်မယ့်အဖွဲ့ဟုတ် မဟုတ်ဆိုတာကိုတော့ စောင့်ကြည့်ရဦးမယ်လို့ ရခိုင့်တပ်တော် AA ကပြောပါတယ်။ လေ့လာသူတွေနဲ့ အပစ်ရပ်အဖွဲ့တချို့က တော့ တပ်မတော်ရဲ့ငြိမ်းချမ်းရေးကော်မတီကို ကြိုဆိုကြပါတယ်။

ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်ကို ဥက္ကဋ္ဌအဖြစ် တာဝန်ပေးပြီး အဖွဲ့ဝင်တွေအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး လေးဦးနဲ့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းလိုက်ကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့က ထုတ်ပြန်လိုက်တာပါ။

ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျုရဲ့ အမှုဆောင် ဒါရိုက်တာ ဒေါက်တာ မင်းဇော်ဦးကတော့ အတွေ့အကြုံရှိတဲ့ လူဟောင်းတွေကို တာဝန်ဆက်ပေးတာဟာ ကောင်းတဲ့သဘောလို့ သုံးသပ်ပါတယ်။

“ဒီငြိမ်းချမ်းရေးဖြစ်စဉ်ကို သူတို့ လူအပြောင်းအလဲမလုပ်ဘဲနဲ့ အရင်လူတွေကို ပြန်သုံးပြီး ဆက်လုပ်သွားမယ် ဆိုတဲ့ အဓိပ္ပါယ်လည်းရပါတယ်။ ဒါက ရွေးကောက်ပွဲအပြီးလည်း နောင်လာမယ့် သက်တမ်းမှာ ဒီလူတွေနဲ့ ဆက်လုပ်နိုင်တဲ့ ဆိုတဲ့ဟာ ပြောတာလည်း ဖြစ်ကောင်းဖြစ်မယ်ပေါ့နော်။ ငြိမ်းချမ်းရေးဖြစ်စဉ်အရတော့ လူခဏခဏလဲရင် မကောင်းတာတော့အမှန်ပဲ။ ဘာလို့လဲဆိုတော့ တစ်ဘက်နဲ့တစ်ဘက် နားလည်းမှု ယုံကြည်မှု တည်ဆောက်ရတာရော၊ လုပ်ငန်းတွေကို နားလည်အောင် လုပ်ရတာရော အချိန်က ယူရတာကိုး။ နောက်ပြီး ဒီလူတွေကလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အတွေ့အကြုံရှိတဲ့သူတွေပါပဲ။ ဒီလူတွေကို Retire ဘက်ကို မသွားရေသေးဘဲနဲ့ ဒီတာဝန်မှာ ဆက်ပေးတယ်ဆိုတာ ဒါ ကောင်းတဲ့ သဘောလို့ မြင်ပါတယ်”

လွန်ခဲ့တဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတုန်းက  ဒုဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ပြီး ကာကွယ်ရေးဦးစီးချုပ်ရုံးက အရာရှိတွေ၊ သက်ဆိုင်ရာနယ်မြေက တိုင်းမှူးတွေ အပါအဝင် ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပါတယ်။

တပ်မတော်နဲ့ အပြင်းအထန်တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင့်တပ်တော် AA ရဲ့ပြောခွင့်ရပုဂ္ဂိုလ် ဦးခိုင်သုခကတော့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်တုန်းက ရှစ်ဦးနဲ့ ဖွဲ့ခဲ့ရာက အခု ငါးဦးဖြစ်သွားတယ်။ ဒီကော်မတီက တိုင်းပြည်မှာ အမှန်တကယ်ငြိမ်းချမ်းရေးရလာအောင် လုပ်ဆောင်မယ့် အဖွဲ့လား၊ ဟန်ပြအဖွဲ့လားဆိုတာကိုတော့ သူတို့ရဲ့လုပ်ရပ်တွေအပေါ် စောင့်ကြည့်ရလိမ့်မယ်လို့ ပြောပါတယ်။

တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ ကော်မတီဖွဲ့စည်းလိုက်တဲ့အပေါ်  NCA စာချုပ်မှာ လက်မှတ်မထိုးရသေးတဲ့ တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ သဘောထားကို RFA က မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဒီနေ့ညနေ ၅ နာရီခွဲအထိ ဆက်သွယ်လို့ မရခဲ့ပါဘူး။

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်ကတော့ AA အဖွဲ့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ အသိအမှတ် မပြုရင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးရဖို့ကိစ္စဟာ ထူခြားမှုရှိမှာမဟုတ်ကြောင်း သုံးသပ်ပါတယ်။

ထာဝရငြိမ်းချမ်းရေး အောင်မြင်တဲ့အထိ ဆောင်ရွက်ဖို့ဟာ မဖြစ်မနေဆောင်ရွက်ရမယ့်လုပ်ငန်းစဉ်ဖြစ်ပြီး NCA မှာ လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ၊ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ အမြန်ဆုံး ဆက်လက်ဆွေးနွေးဖို့ လိုအပ်တယ်လို့ တပ်မတော်ဘက်က ပြောထားပါတယ်။

ငြိမ်းချမ်းရေး အောင်မြင်ပြီးဆုံးတဲ့အထိ လိုအပ်တဲ့အတွက် တပ်မတော်နဲ့ ဆွေးနွေးဖို့ ရှိလာရင် ဆက်လက် ဆွေးနွေးနိုင်ဖို့ ဒီကော်မတီကို ဖွဲ့စည်းလိုက်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကျင်းပပြီးတဲ့နောက်ရက်မှာ တပ်မတော်က ငြိမ်းချမ်းရေးဆွေးနွေးမှုကော်မတီကို ဖွဲ့စည်းလိုက် ကြောင်း ထုတ်ပြန်လိုက်တာဟာ ငြိမ်းချမ်းလုပ်ငန်းစဉ်တွေနဲ့ ပတ်သက်ပြီး လိုလိုလားလားရှိတယ်ဆိုတာကို အဦးဆုံးထုတ်ပြလိုက်တာလို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ရဲ့  ခေါင်းဆောင်တစ်ဦးဖြစ်သူ ဒေါ်စောမြရာဇာလင်း က ယူဆပါတယ်။

“ငြိမ်းချမ်းရေးဖြစ်စဉ် ရှေ့ကိုသွားတဲ့နေရာမှာ တပ်ဘက်က သူတို့ဘက်က လိုလိုလားလားရှိတယ် ဆိုတာမျိုးကို ဦးဦးဖျားဖျား ထောက်ပြလိုက်တဲ့ သဘောဖြစ်တယ်ဆိုတာကို သုံးသပ်ပါတယ်၊ ဒီဖွဲ့စည်းလိုက်တဲ့ အပေါ်မှာပေါ့။ နောက်ပြီး ၂၀၂၀ အလွန် ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေရှိပါတယ်။ အဲဒီထဲမှာ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်းကို အခါသုံးဆယ်နဲ့အညီ အလုပ်လုပ်ရမယ်ဆိုတာ ဒီစာချုပ်မှာ ထည့်သွင်းဖော်ပြထားတာ ရှိတော့ NCA စာချုပ်ရဲ့ အခန်း ၃၉ ဆွေးနွေးတဲ့အခါမှာ တစ်ဖွဲ့ချင်းစီရဲ့ ကဏ္ဍအလိုက် အဓိကဆွေးနွေးသွားမယ့် အနေအထားတွေလည်း အများကြီးရှိနေပါတယ်။ အဲဒီလို ဆွေးနွေးဖို့ဆိုရင် ဒီပုဂ္ဂိုလ်တွေနဲ့ ဆွေးနွေးပါဆိုပြီး ထုတ်ပြန်တာလည်း ဖြစ်နိုင်တယ်”

ရွေးကောက်ပွဲပြီးပြီးချင်း တပ်မတော်က နိုင်ငံရေးဖြစ်စဉ်ထဲမှာ ထဲထဲဝင်ဝင်လုပ်မယ့်လုပ်ငန်းတစ်ခုကို အမြန်ချပြလိုက်တဲ့ သဘောမျိုးဖြစ်နေသလို လူဟောင်းတွေကို လမ်းညွှန်မှု အသစ်တွေနဲ့ ဆက်လုပ်သွားမယ့် သဘောမျိုး တွေ့ရတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDF ရဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ရဲဘော် မိဆူးပွင့်က ပြောပါတယ်။

“အခု ရွေးကောက်ပွဲ ပြီးပြီးချင်းချင်းမှာ တပ်မတော်ဘက်ကတော့ နိုင်ငံရေးလုပ်ငန်းစဉ်တွေထဲမှာ သေသေ ချာချာ ထဲထဲဝင်ဝင် ဆက်လုပ်မယ့် လုပ်ငန်းတစ်ခုကို အမြန်ချပြလိုက်တဲ့ သဘောမျိုးတော့ ဖြစ်နေတာပေါ့။ ဒါပေမဲ့ ပါဝင်နေတဲ့ ပုဂ္ဂိုလ်တွေကလည်း အရင်ပါနေတဲ့သူတွေက များတယ်။ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ လူသစ်တွေဝင်လာရင် အသစ်တခါပြန်စရတယ်ဆိုတဲ့ အားနည်းချက်တွေလည်း ရှိတဲ့အခါကြတော့ လူဟောင်း တွေကိုပဲ ပိုအားဖြည့်ပြီးတော့ လမ်းညွှန်မှုတွေအသစ်တွေနဲ့ အဲ့လိုမျိုး ဆက်လုပ်သွားမယ်လို့တော့ မြင်ရတယ်။ အကောင်းဘက်ကကြည့်ရင် ပိုပြီးငြိမ်းချမ်းရေးဖြစ်စဉ်ကို တွန်းတွန်းတိုက်တိုက် လုပ်လာမလား။ အဆိုးဘက်က ကြည့်မယ်ဆိုရင် NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေရော၊ မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရော ပိုပြီး တင်းတင်းမာမာ ဆက်ဆံလာမလားဆိုတဲ့ စိတ်ပူစရာတွေလည်း တွေ့နေရပါတယ်”

ပြီးခဲ့တဲ့ သြဂုတ် ၁၉ ရက်နေ့ကနေ ၂၁ ရက်နေ့အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံ စတုတ္ထအကြိမ်အစည်းအဝေး ကျင်းပခဲ့ပြီး ပြည်ထောင်စု သဘောတူစာချုပ် အစိတ်ပိုင်း သုံးထဲက သဘောတူညီချက် ၅၄ ချက်ရရှိထားပါတယ်။

အဲဒီသဘောတူညီချက်တွေနဲ့ NCA စာချုပ်ပါ အချက်တွေ ဆက်လက်ဆွေးနွေးဖို့ ကျန်ရှိနေပြီး လက်ရှိ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ ဖြစ်ပွားနေတာနဲ့ ၂၀၂၀ ရွေးကောက်ပွဲကျင်းပဖို့ ဆောင်ရွက်နေတာတွေကြောင့် ဆွေးနွေးရေးလုပ်ငန်းတွေ ယာယီ ရပ်နားထားရတာလည်း ဖြစ်ပါတယ်။

Crd RFA