ထိုင်းကလက်မှတ်မရှိတဲ့မြန်မာတွေ နေထိုင်ခွင့်ကတ်အတွက် ကုန်ကျစရိတ်ခက်နေ

22-Jan-2021

လုဆိုင်း

ကိုဗစ်ရောဂါ ကူးစက်ပျံ့နှံ့မှုကြောင့် ထိုင်းနိုင်ငံမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေကို ပြီးခဲ့တဲ့ ရက်ပိုင်းကစလို့ တစ်လအတွင်း တရားဝင် နေထိုင်လုပ်ကိုင်ခွင့် လက်မှတ်အသစ် ပန်းရောင်ကတ်လုပ်ဖို့ ကိုယ်ရေးအချက်အလက်တွေကို အွန်လိုင်းကနေ သွင်းခွင့်ပေးနေပါပြီ။

ဒါပေမဲ့ ဒီကတ်အသစ်ရဖို့ ပေးသွင်းရတဲ့ စရိတ်က အလုပ်သမားတွေအတွက် များနေပြီး စက်ရုံတွေမှာ အလုပ်လုပ်မယ်ဆိုရင်လည်း ကိုဗစ်ရောဂါပိုး စစ်ဆေးကြောင်း ထောက်ခံချက်လိုတယ်ဆိုတဲ့ အခက်အခဲတွေ ကြုံနေရတယ်လို့ AAC မဟာမိတ်အဖွဲ့ ဥက္ကဋ္ဌ ဦးခိုင်ကြီးက ပြောပါတယ်။

"ကုန်ကျစရိတ်က တစ်နေ့တစ်နေ့ ပိုလာတာ။ တစ်သောင်း နှစ်ထောင်ရှိတယ်ဆိုတော့ တချို့ အလုပ်သမားတွေက မြန်မာငွေ ငါးသိန်းကျော်ဆိုတော့ ဒီငါးသိန်းက တချို့အလုပ်သမားတွေဆိုလို့ရှိရင် အတိုးနဲ့ ချေးငှားပြီးတော့ မြန်မာပြည်ကို ပြန်ပြီးတော့ မှာရတာရှိတယ်။ အလုပ်မရှိတာလည်း ပိုရတယ်။ စားဖို့သောက်ဖို့လည်း ပိုရတယ်။ ဒီနေထိုင်ခွင့်လုပ်တဲ့အခါမှာလည်း တစ်သောင်းကျော်တွေဖြစ်တော့ အလုပ်သမားတွေအတွက်က ဘာစဉ်းစားလာလည်းဆိုတော့ လမ်းဖွင့်ရင် ပြန်မယ်ဆိုပြီး စဉ်းစားလာတယ်။ "

ဒီအထောက်အထားလက်မှတ်လုပ်ဖို့၊ ကိုဗစ်ရောဂါ စစ်ဆေးဖို့နဲ့ ကျန်းမာရေး အာမခံလုပ်ဖို့၊ ကုန်ကျစရိတ်တွေ၊ အလုပ်လုပ်ခွင့် အပါအဝင် ကုန်ကျစရိတ်အားလုံးက ထိုင်းဘတ်ငွေ ၉၁၈၀ ရှိပြီး တချို့ ပွဲစားနဲ့လုပ်တဲ့အခါမှာ တစ်သောင်းကျော်ထိ ပေးရတာကြောင့် ဒီကုန်ကျစရိတ်တွေ မတတ်နိုင်လို့ လမ်းဖွင့်ရင် နေရပ်ပြန်မယ့် အလုပ်သမား သိန်းချီရှိနေတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

အွန်လိုင်းကနေ စာရင်းသွင်းရတဲ့အခက်အခဲကလည်း မြန်မာအလုပ်သမားတွေအတွက် နည်းပညာပိုင်းဆိုင်ရာ အရ အခက်အခဲတစ်ခုသလိုဖြစ်လို့ ပွဲစားတွေရဲ့ အကူအညီနဲ့ တင်သွင်းရလို့ လိမ်ခံရတာတွေ ရှိနေတယ်လို့ ဦးခိုင်ကြီးက ပြောပါတယ်။

လတ်တလော အလုပ်ရှင်မရှိ၊ အလုပ်အကိုင်မရှိတဲ့ အလုပ်သမားတွေအတွက် ပွဲစားတွေနဲ့လုပ်တဲ့အခါမှာ ဘတ် တစ်သောင်း သုံးထောင်ကနေ တစ်သောင်း ငါးထောင်ထိ ပေးနေရလို့ အခက်အခဲ ဖြစ်နေတယ်လို့ မဟာချိုင်က မြန်မာလုပ်သား မသင်းသင်းက ပြောပါတယ်။

"တအားများတယ်။ အခုဟာက အလုပ်တွေလည်း မရှိဘူး။ ပိတ်ထားကြတယ် မဟုတ်လား။ ပိုက်ဆံလည်း ရှာလို့မလွယ်ကြဘူး။ တချို့က လုပ်မနိုင်လို့ လမ်းဖွင့်ရင် ပြန်မယ်လို့ ပြောနေကြတာပဲ။ တချို့ကျတော့ လည်း အဲဒီမှာ ဝိုင်းစိုက်ပြီး လုပ်နိုင်တဲ့လူက လုပ်ရတာပေါ့။ တချို့က မလုပ်နိုင်တဲ့လူက လမ်ဖွင့်ရင် ပြန်ရမှာပေါ့။ တချို့က နေလို့ရသလောက်နေဦးမှာပေါ့။ အလုပ်ကတော့ မရှိကြဘူး။ အလုပ်မရှိဘူး ဆိုပေမယ့်လည်း မြန်မာပြည်မှာ နေဖို့၊ စားဖို့ အကျပ်အတည်းတော့လည်း ဒီမှာသူတို့ ယောက်ျားတွေ အလုပ်လုပ်နေကြတော့ မှီခိုပြီး နေရသလောက် နေရတာပေါ့။"

မြန်မာအလုပ်သမားတွေအတွက် အထောက်အထားလက်မှတ်သစ်လုပ်ဖို့ ကုန်ကျစရိတ်များတာနဲ့ ပတ်သက်လို့ မြန်မာသံရုံးအနေနဲ့ ထိုင်းအစိုးရနဲ့ ညှိနှိုင်းမှုတွေ လုပ်နေတယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးသူရိန်လင်းက ပြောပါတယ်။

"ပန်းရောင်ကတ် လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ၉၁၈၀ ဘတ် ကုန်ကျမယ်လို့ သိရှိရတယ်။ ဒီအပိုင်းမှာ ကိုဗစ်-၁၉ စစ်ဆေးခအနေနဲ့ ဘတ် သုံးထောင်ကျသင့်တာပေါ့။ စမွတ်ဆာခွန်လို နေရာမျိုးမှာ ကျနော်တို့ လက်ရှိ ကိုဗစ်ဖြစ်ပွားနေတဲ့ အခြေအနေပေါ် မူတည်ပြီးတော့ တချို့ဆေးစစ်ပြီးတော့မှ negative တွေ့ရှိနေတဲ့အဖွဲ့တွေ ရှိတာပေါ့။ ဒီအပိုင်းမှာ ထပ်မံဆေးစစ်ဖို့လိုသေးလား။ ကုသပြီးသားအဖွဲ့တွေလည်း အားလုံး ပျောက်ကင်းသွားပြီ negative အဖြေထွက်ပြီ။ ထပ်မံစစ်ဆေးဖို့ လိုသေးလား။ ဒါကို ထိုင်း အလုပ်အကိုင်ဌာနနဲ့ ညှိနှိုင်းနေတယ်။ တခြားကုန်ကျစရိတ်တွေနဲ့ ပတ်သက်ပြီးတော့ ဘယ်အပိုင်းတွေမှာ ဖြေလျော့ပေးနိုင်မလဲ။ ကျနော်တို့ ထပ်မံညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။"

အထောက်အထား လက်မှတ်အသစ်ဟာ ထိုင်းနိုင်ငံမှာ နေထိုင်ခွင့်နဲ့ အလုပ်လုပ်ခွင့် ၂ နှစ် ရရှိမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံရောက် တရားမဝင် အလုပ်သမားတွေ ဇန်နဝါရီလ ၁၅ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ထိ တစ်လအတွင်း အွန်လိုင်းကနေ မှတ်ပုံတင်ကြဖို့ ထိုင်းအစိုးရက ထုတ်ပြန်ထားပါတယ်။

RFA Burmese