စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေး အစည်းအဝေးကျင်းပ

18-Nov-2020

နေပြည်တော် နိုဝင်ဘာ ၁၇

Coronavirus Disease 2019 (COVID – 19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့်ဗဟိုကော်မတီအစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် ကျင်းပရာ ဗဟိုကော်မတီဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်သည်။

တက်ရောက်

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသော ဦးမင်းသူ၊ ဦးသောင်းထွန်း၊ ဦးကျော်တင်၊ ဦးသိန်းဆွေ၊ ဒေါက်တာမြင့်ထွေး၊ ဒုတိယ ဝန်ကြီးများဖြစ်ကြသော ဦးဆက်အောင်၊ ဦးကျော်မျိုး၊ ဗဟိုကော်မတီ အတွင်းရေးမှူးများဖြစ်ကြသော ဦးဇော်သန်းသင်းနှင့် ဒေါက်တာသက်ခိုင်ဝင်း တို့ တက်ရောက်ကြသည်။

အစည်းအဝေးတွင် အထွေထွေရွေးကောက်ပွဲအပြီး လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ခြင်းများရှိခဲ့ရာ နိုဝင်ဘာလကုန် ရက်သတ္တပတ်ကာလ၌ ကိုဗစ် -၁၉ ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်တက်မှုမရှိစေရန် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးအစီအမံများ ကြိုတင်ဆောင်ရွက်ထားရှိရေး၊ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှုကြောင့် ဆေးရုံတက်လျက်ရှိသော လူနာများထဲမှ ဆေးရုံဆင်းခွင့် ပြုနိုင်သည့်လူနာများအား ဆောလျင်စွာ ဆေးရုံဆင်းခွင့်ပေးနိုင်ရေး၊ အအေးပိုင်း ဒေသများတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန် ထိန်းသိမ်း ဆောင်ရွက်သွားရေး၊ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသည့် ပြည်သူများအနေဖြင့် မိမိအစီအစဉ်ဖြင့် ဆေးကုသမှုပြုခဲ့ပြီး အခြေအနေဆိုးရွားမှသာ ဆေးရုံသို့ လာရောက်ပြသမှုကြောင့် ဆေးရုံသို့ရောက်ရှိချိန်တွင် သေဆုံးခြင်းဖြစ်ကြောင်း တွေ့ရှိရသဖြင့် ဆေးရုံသို့ လာရောက်ပြသရန် ကြောက်ရွံ့မှုမရှိစေရေး၊ ရန်ကုန် ပြည်သူ့ဆေးရုံကြီး၌ ကိုဗစ်-၁၉ ရောဂါကုသရေးအတွက် ပြည့်စုံစွာ ပြင်ဆင် ဆောင်ရွက်ထားရှိမှုနှင့် စိုးရိမ်ရသည့် လူနာများဖြစ်ပါက မိသားစု/ဆွေမျိုးများ ထဲမှ လူနာစောင့်တစ်ဦး လိုက်ပါစောင့်ရှောက်နိုင်ရန် ခွင့်ပြုပေးရေး၊ နိုင်ငံတော်မှ စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့နေမှုအပေါ် မလိုလားသူများက ဦးဆောင်ပြီး လူစုလူဝေးဖြင့် ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်လျက်ရှိရာ အဆိုပါအဖွဲ့မှ ဦးဆောင် သူများအားဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်သွား ရန်နှင့် လိုက်ပါဝန်းရံသူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိစေရန် အတွက် လိုအပ်သော ပညာပေးဟောပြောမှုများ ဆောင်ရွက်သွားရေး၊ နိုဝင်ဘာ ၂၁ ရက်မှ ဒီဇင်ဘာ ၅ ရက်အထိ ကာလအတွင်း ပြည်သူများ နေအိမ်တွင် နေထိုင်ရန် ပန်ကြားချက်အား ထုတ်ပြန်သွားရေးနှင့် အဆိုပါကာလအတွင်း ပြည်သူများ အပန်းဖြေနိုင်ရန် ဖျော်ဖြေရေးအစီအစဉ်များ ပိုမိုတိုးမြှင့်ထုတ်လွှင့် ပြသနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ (A)အဆင့်သတ်မှတ်ခြင်းခံရသော စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် များကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုနိုင်ရေး၊ Stay at Home သတ်မှတ်ထားခြင်းမရှိသော တိုင်းဒေသကြီး/ ပြည်နယ်များမှ တန်ခိုးကြီးဘုရား၊ ပုထိုး၊ စေတီများအား နေ့စဉ်နံနက်တစ်ကြိမ်၊ နေ့လယ် တစ်ကြိမ် လူဦးရေ ကန့်သတ်ချက်ဖြင့် ဖူးမြော်ခွင့်ပြုနိုင်ရေး၊ နိုဝင်ဘာလ နောက်ဆုံးပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုအပေါ်မူတည်၍ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ပြည်နယ်များမှ Stay at Home သတ်မှတ်ထားခြင်းမရှိသော မြို့နယ်များရှိ ဘုရား၊ ပုထိုး၊ စေတီများ ဖူးမြော်ခွင့် နှင့် ဘုန်းကြီးကျောင်း၊ ဗလီ၊ Church ကျောင်းများတွင် ဥပုသ်သီလ ဆောက်တည်ခြင်း၊ ဝတ်ပြုဆုတောင်းခြင်းများ တစ်လလျှင် လေးကြိမ် လူဦးရေ ၃၀ ထက်မပိုဘဲ ခွင့်ပြုနိုင်ရန် ကြိုတင်ပြင်ဆင်ထားရှိရေးနှင့် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအပေါ်မူတည်၍ ချက်ချင်းပြန်လည်ရပ်ဆိုင်းရန် စီစဉ်ဆောင်ရွက် ထားရှိရေး၊ ဒီဇင်ဘာ ၂၅ ရက်တွင် ကျရောက်မည့် ခရစ်စမတ်ပွဲတော်နှင့် ဒီဇင်ဘာ ၃၁ ရက် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်နေ့များ၌ Church ကျောင်း များတွင် ဝတ်ပြုဆုတောင်းခြင်းအား လူ ၅၀ ထက်မပိုစေဘဲ ခွင့်ပြုနိုင်ရေး၊ ခရစ်စမတ်ပွဲတော်ကာလတွင် လူအများစုဝေး၍ နေအိမ်များသို့ သီချင်းများ လိုက်လံသီဆို ဆုတောင်းခြင်းများကို ခွင့်မပြုဘဲ Church ကျောင်းများ၌ ဝတ်ပြုဆုတောင်းသီဆိုခြင်းများကိုသာ ခွင့်ပြုရန်အတွက် လိုအပ်သော ကျန်းမာရေးစံသတ်မှတ်ချက်အား ညှိနှိုင်းရေးဆွဲရေး ၊ ခရစ်စမတ်ပွဲတော်နှင့် နိုင်ငံတကာနှစ်သစ်ကူးပွဲတော်အကြိုကာလအတွင်း ပြည်သူများ စိတ်ပျော်ရွှင် ချမ်းမြေ့စေရန် ဖျော်ဖြေရေးကဏ္ဍအစီအစဉ်များ၊ သီချင်းဆိုပြိုင်ပွဲများနှင့် အငြိမ့်ဖျော်ဖြေပွဲများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအစီအစဉ်နှင့် အခြားရုပ်သံလိုင်းများမှ ထုတ်လွှင့်ပြသနိုင်ရန် စီစဉ်ဆောင်ရွက်သွားရေး၊ ကနဦး မော်တော်ယာဉ် မှတ်ပုံတင်လုပ်ငန်းများ ပြန်လည်ဖွင့်လှစ်ဝန်ဆောင်မှုပြုနိုင်ရေး၊ Stay at Home သတ်မှတ်ထားသော မြို့နယ်များအား ကိုဗစ် - ၁၉ ဖြစ်ပွားမှုအပေါ် မူတည်၍ ဖြေလျှော့ပေးနိုင်ရေး၊ ပြည်တွင်းလေယာဉ်ခရီးစဉ်များ ပြန်လည်ပြေးဆွဲခွင့် ပြုနိုင်ရေး၊ နေပြည်တော်ကောင်စီ၊ တိုင်းဒေသကြီး/ ပြည်နယ်များသို့ ခရီးသွား ရန်အကြောင်းကိစ္စပေါ်ပေါက်ပါက သက်ဆိုင်ရာ ကျန်းမာရေးဌာနများမှ ဆေးစစ်ဆေးမှုခံယူပြီး ပိုးမရှိပါက သွားလာစေရေးနှင့် ပိုးမရှိကြောင်း ထောက်ခံချက်ပါရှိပါက ရောက်ရှိနေရာရှိ စစ်ဆေးရေးဂိတ်များတွင် ပြသပြီး ကျန်းမာရေးစစ်ဆေးခြင်းနှင့် ကွာရန်တင်းဝင်ရောက်ခြင်းတို့ကိုမပြုစေတော့ဘဲ သွားလာခွင့်ပြုရေးတို့နှင့် စပ်လျဉ်း၍ အကျယ်တဝင့် ဆွေးနွေးကြသည်။

ထို့နောက် ဗဟိုကော်မတီ ဥက္ကဋ္ဌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လိုအပ်သည့်ဆုံးဖြတ်လမ်းညွှန်ချက်ပေးခြင်းများ ဆောင်ရွက်ပြီး အစည်းအဝေးကို မွန်းလွဲပိုင်းတွင် ရုပ်သိမ်းလိုက်သည်။

ကိုဗစ် - ၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှု များအပေါ် ကုစားရေးအစီအစဉ်များ အပါအဝင် နိုင်ငံတော်၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်သွားမည့် ရေတို၊ ရေရှည်အစီအမံများနှင့် စပ်လျဉ်း၍ ယခုသီတင်းပတ်အတွင်း သတင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်