ကိုဗစ်-၁၉ ကုသရေး ဧရာဝတီစင်တာ(မန္တလေး) ဖွင့်ပွဲကျင်းပ

08-Nov-2020

မန္တလေး    နိုဝင်ဘာ   ၇

ကျန်းမာရေးနှင့်        အားကစားဝန်ကြီးဌာန၏  ဦးဆောင်မှုဖြင့် တည်ဆောက်ပြီးစီးသွားသော ကိုဗစ် ကုသရေး ဧရာဝတီစင်တာ (မန္တလေး) ဖွင့်ပွဲအခမ်း အနားကို ယနေ့ ညနေပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် တက်ရောက်ခဲ့ပြီး     တာဝန်ထမ်းဆောင်ကြမည့် ဆရာဝန်၊  သူနာပြုများ၊  စေတနာ့ဝန်ထမ်းများကို တွေ့ဆုံအားပေးသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ သည်  ဧရာဝတီစင်တာအတွင်း    လိုက်လံကြည့်ရှုပြီး     ဧရာဝတီဖောင်ဒေးရှင်း တာဝန်ရှိသူများက ဆောင်ရွက် ထားမှုများအား  ရှင်းလင်းတင်ပြသည်။     ဧရာဝတီ စင်တာ  (မန္တလေး)ကို  ယနေ့    ညနေပိုင်းတွင်   စတင် ဖွင့်လှစ်ခဲ့ပြီး  ICU/HDU  ခုတင် ၁၀၀ နှင့်  Tests and  Care    စင်တာတို့ကို    မကြာမီရက်ပိုင်း အတွင်း ထပ်မံဖွင့်လှစ်သွားမည်ဖြစ်သည်။  ခုတင် ၃၀၀ ဆံ့ ကိုဗစ်ရောဂါ ကုသရေးဌာန (ချမ်းမြ သာစည်) ဧရာဝတီစင်တာကို အောက်တိုဘာလကုန် ပိုင်းတွင် စတင်တည်ဆောက်ခဲ့ပြီး   ယနေ့တွင်   လူနာများ စတင်လက်ခံနိုင်ခဲ့ခြင်းဖြစ်သည်။ ဧရာဝတီ စင်တာ(မန္တလေး)တွင်     ရောဂါကုသမှုများနှင့်  ကျန်းမာရေးစောင့်ရှောက်မှုများကို  ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက      တာဝန်ယူဆောင်ရွက်ကာ ကျန်းမာရေးဝန်ထမ်း၊   စေတနာ့ဝန်ထမ်းများနှင့် ရောဂါကုသမှုခံယူမည့် လူနာများ၏ နေ့စဉ်အစား အသောက်များကို    ဧရာဝတီဖောင်ဒေးရှင်းက  တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်သည်။

ဧရာဝတီဖောင်ဒေးရှင်းသည် မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉   ရောဂါ   စတင်ဖြစ်ပွားကတည်းက ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် မှုကို  ခံယူကာ  ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ရန်ကုန်မြို့တွင်လည်း  ကိုဗစ်-၁၉ ရောဂါ ကုသရေး ဧရာဝတီစင်တာကို တည်ဆောက်ဆောင်ရွက်ပေး လျက်ရှိကာ ရောဂါကူးစက်ခံထားရသည့်လူနာများအပြင် အရေးပေါ်လူနာများအား ကုသပေးနိုင်မည့် ICU နှင့် HCU စင်တာများကိုလည်း ထည့်သွင်း ဆောက်လုပ်ထားသည်။

သတင်း - ရဲရင့်ရှိုင်း၊

ဓာတ်ပုံ - ကိုမိုး

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။