မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးနှံမည့်သူစာရင်း ကောက်ခံနေပြီ

25-Jan-2021

ပြီးခဲ့တဲ့ သောကြာနေ့က မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့ အိန္ဒိယထုတ် COVID-19 ရောဂါကာကွယ်ဆေး အလုံးရေ ၁,၅၀၀,၀၀၀ ကို ဒီသီတင်းပတ်အတွင်း စတင်ထိုးနှံဖို့ မြန်မာအစိုးရက စီစဉ်ထားပါတယ်။

လက်ရှိမှာလည်း ဦးစားပေးထိုးနှံမယ့် ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်း စာရင်းတွေနဲ့ ပြည်သူလူထုကြား ကာကွယ်ဆေးထိုးနှံလိုသူတွေရဲ့ စာရင်းတွေ တာဝန်ရှိသူတွေဘက်က လိုက်လံကောက်ခံနေပါတယ်။

မြန်မာနိုင်ငံမှာ မနေ့ကထုတ်ပြန်တဲ့ စာရင်းတွေအရ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်သူ စုစုပေါင်း ၁၃၇,၅၇၄ ယောက်ရှိနေပြီး သေဆုံးသူ စုစုပေါင်း ၃,၀၆၂ ယောက် ရှိပါတယ်။

ဒီအတောအတွင်း ထိုင်းနိုင်ငံ၊ စမုစခွန်ခရိုင်၊ တလာကု ပုစွန်ဈေးနဲ့ တလေထိုင်း ငါးဈေးအနီး အသွားအလာ ကန့်သတ်ခံနေရတဲ့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် မြန်မာအစိုးရက စားနပ်ရိက္ခာ အထောက်အပံ့ ပစ္စည်းတွေကို စနေနေ့က ပေးပို့ခဲ့ပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းနဲ့ သံရုံးတာဝန်ခံတွေကနေ အသွားအလာ ကန့်သတ်ထားတဲ့ အဲဒီနေရာကို သွားရောက်ပြီး မြန်မာရွှေ့ပြောင်းအလုပ်သမား အိမ်ခန်း ၁,၇၀၀ ကျော်အတွက် ဆန်၊ ဆီ၊ ပဲ၊ ကြက်ဥ၊ စည်သွတ်ဘူးတွေ သွားရောက်ပို့ဆောင်ခဲ့ကြောင်း ဘန်ကောက် မြန်မာသံရုံးရဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် တကျော့ပြန် ကူးစက်ပျံ့နှံ့ပြီး အခြေအနေဆိုးလာတဲ့ အကြောင်းအရင်းမှာ အဲဒီ ပင်လယ်ငါးဈေးတွေက မြန်မာရွှေ့ပြောင်းအလုပ်သမားတွေဆီက တဆင့် ဖြစ်တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြခဲ့သလို ထိုင်းဝန်ကြီးချုပ် Prayut Chan-o-cha ကိုယ်တိုင်လည်း ဝေဖန်ပြောဆိုခဲ့တာပါ။

VOA News

ဇန်နဝါရီ ၂၇ ရက်နေ့ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံမည်

ကိုဗစ်ကာကွယ်ဆေးထိုးထားသူကနေ တခြားသူကို ဆက်ကူးနိုင်ခြေရှိ