ပြည်သူများကို ကိုဗစ်ကာကွယ်ဆေး တရုတ်အစိုးရ အခမဲ့ထိုးနှံပေးမည်

10-Jan-2021

ပေကျင်း ဇန်နဝါရီ ၉

တရုတ်နိုင်ငံအနေဖြင့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အခမဲ့ထိုးနှံပေးမည်ဟု တာဝန် ရှိသူများက ယနေ့ ပြောကြားလိုက်သည်။

“ဗိုင်းရပ်စ်ကာကွယ်ဆေး ထုတ်လုပ်မှုနှင့် သယ်ယူပို့ဆောင်ရေးအတွက် ကုန်ကျစရိတ်များရှိသော်လည်း အစိုးရက ပြည်သူတိုင်းကို ကာကွယ်ဆေး အခမဲ့ပေးနိုင်ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်မှ တာဝန်ရှိသူ ကျန်ကျောင်ဝေက ပြောသည်။ “ပြည်သူတွေအနေနဲ့ ကာကွယ်ဆေးအတွက် ငွေကြေး တစ်စုံတစ်ရာ ပေးစရာမလိုပါဘူး” ဟု ၎င်းက ပေကျင်းမြို့တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောသည်။ တရုတ်နိုင်ငံက ဒီဇင်ဘာလ ကုန်တွင် ပြည်သူလူထုအသုံးပြုရန် ပထမဆုံး ကာကွယ်ဆေးကို အတည်ပြုခဲ့သည်။

ကျန်းမာရေးလုပ်သားများအပါအဝင် ရောဂါ ကူးစက်နိုင်ခြေမြင့်မားသူများကို အရေးပေါ်အသုံးပြု ရေး အစီအစဉ်တစ်ခုအရ ကာကွယ်ဆေးသုံးမျိုး ထိုးနှံပေးခဲ့ပြီးဖြစ်သည်။ ဆောင်းရာသီနှင့် နွေဦး ရာသီတွင် ဗိုင်းရပ်စ်ကူးစက်မှု ပြန်လည်မြင့်တက်လာမှု တားဆီးမည့် ကြိုးပမ်းမှုတစ်ခုအဖြစ် အစား အသောက်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍများရှိ လုပ်သားများကဲ့သို့ အရေးပါသောအုပ်စုများအတွက် တရုတ်နိုင်ငံက ဒီဇင်ဘာလလယ်တွင် ကာကွယ်ဆေး ထိုးနှံမှု ဆောင်ရွက်ခဲ့သည်။

တရုတ်နိုင်ငံက ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေး အလုံးရေ ကိုးသန်းကျော် ထိုးနှံပေးခဲ့ပြီး ကာကွယ်ဆေး ခုနစ်သန်းကျော်ကို ဒီဇင်ဘာလ နှောင်းပိုင်းတွင် ထိုးနှံပေးခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားကျန်းမာရေး ကော်မရှင်မှ တာဝန်ရှိသူ ကျန်ယီဇင်က ပြောသည်။

ကိုးကား - စထရိတ်တိုင်းမ်

ဘာသာပြန် - ကျော်ထိုက်စိုး