နေပြည်တော်ရှိ ရေတံခွန်၊ ရေပူစမ်းနှင့် အပန်းဖြေစခန်းအချို့ကို ယာယီပိတ်မည်

25-Dec-2020

ရက်စွဲ၊ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၄ ရက်

၁။ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိcOVID-19 ရောဂါပိုး တွေ့ရှိသူ (၆၅၄)ဦးရှိပြီး ရောဂါပိုးတွေ့ရှိမှုအပေါ် ဆန်းစစ်ရာတွင် ဒီဇင်ဘာလအတွင်း၌ ရောဂါပိုးတွေ့ရှိရမှု များပြားခဲ့ကြောင်း စိစစ်တွေ့ရှိရပြီး ရောဂါပိုးတွေ့ရှိသူအများစုမှာ အခြားအရပ်ဒေသမှ ပြန်လည်ဝင်ရောက်လာသူများ၊ ကုန်တင် ယာဉ်မောင်း/ ယာဉ်နောက်လိုက်များ ဖြစ်သော်လည်း ဒေသတွင်းကူးစက်မှုအချို့ ပါဝင်နေသည်ကို တွေ့ရှိရပါသည်။

၂။ သို့ဖြစ်ရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလအတွင်း ခရစ္စမတ်ကာလ နှင့် နိုင်ငံတကာနှစ်သစ်ကူး ရုံးပိတ်ရက်ကာလများတွင် coVID-19 ရောဂါပိုး ဒေသတွင်း ကူးစက်မှုမဖြစ်ပွားစေရေးနှင့် ထိရောက်စွာ ကာကွယ် ဟန့်တားနိုင်ရန်အတွက် အများပြည်သူ သွားလာ လည်ပတ်၍ လူစုလူဝေး ဖြစ်ပေါ်နိုင်ဖွယ်ရှိသော အောက်ပါနေရာဒေသများတွင် အများပြည်သူ သွားလာ ဝင်ထွက်ခွင့်အား ယာယီ ပိတ်ထားမည်ဖြစ်ပါသည်

     (က) ပေါင်းလောင်းချောင်း အပန်းဖြေစခန်း (ဇေယျာသီရိမြို့နယ်)

      (ခ) ပုဇွန်ဆိတ်ရေတံခွန် (ပျဉ်းမနားမြို့နယ်)

      (ဂ) ဖလောင်းရေတံခွန် (ပျဉ်းမနားမြို့နယ်)

      (ဃ) အဝေရာဆည်အပန်းဖြေနေရာ(ပျဉ်းမနားမြို့နယ်)

      (င) မြသီတာရေတံခွန် (ပျဉ်းမနားမြို့နယ်)

      (စ) ကိုးတစ်ရေပူစမ်း (ပျဉ်းမနားမြို့နယ်)

      (ဆ) မင်္ဂလာကန်တော် (ဇမ္ဗူသီရိမြို့နယ်)

၃။ သို့ဖြစ်ပါ၍ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း COVID-19 ရောဂါပိုးကူးစက်မှု ထိရောက်စွာ ကာကွယ် ဟန့်တားနိုင်ရန်အတွက် အများပြည်သူများမှ မလိုအပ်ဘဲ လူစုလူဝေးရှိရာနေရာဒေသများသို့ သွားလာခြင်းမှ ရှောင်ကြဉ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော အမိန့်ညွှန်ကြားချက်များနှင့်အညီ နေထိုင်၍ COVID-19 ရောဂါပိုးကူးစက်မှုအား ကာကွယ် ထိန်းချုပ်ရာတွင် ပူးပေါင်းပါဝင်လိုက်နာ ဆောင်ရွက်ပေးနိုင်ပါရန် အသိပေးပန်ကြား အပ်ပါသည်။

နေပြည်တော်ကောင်စီ Coronavirus Disease 2019 (COVID-19)

                                                    ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ