နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်သည့် လုပ်ငန်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအသစ် ငါးခုကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြု

31-Dec-2020

နေပြည်တော်  ဒီဇင်ဘာ  ၃၀ 

မြန်မာနိုင်ငံ  ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ (၁၆/၂၀၂၀) ကြိမ် မြောက်အစည်းအဝေးကို   ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့်  ယနေ့ နံနက်ပိုင်းတွင် ပြုလုပ်ခဲ့သည်။  အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံ  ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌ  ပြည်ထောင်စု ဝန်ကြီး ဦးသောင်းထွန်း၊   ဒုတိယဥက္ကဋ္ဌ    ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသန်းမြင့်နှင့်အဖွဲ့ဝင်များ     တက်ရောက် ကြသည်။
လုပ်ငန်းသစ် ငါးခု

 အစည်းအဝေးတွင်  ဆောင်ရွက်ဆဲရင်းနှီးမြှုပ်နှံမှု လုပ်ငန်း လေးခု၏  မတည်ငွေရင်းတိုးမြှင့်ခြင်းအပါအဝင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ကဏ္ဍ၊  မွေးမြူရေးကဏ္ဍ၊ ဟိုတယ်ကဏ္ဍနှင့်        အခြားဝန်ဆောင်မှုကဏ္ဍအလိုက် လုပ်ငန်းသစ် ငါးခုကို ခွင့်ပြုခဲ့သည်။ အဆိုပါလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုပမာဏသည် အမေရိကန်ဒေါ်လာ ၁၃၈ ဒသမ ၁၇၈ သန်းနှင့် ငွေကျပ် ၁၀၉၂၀၄ သန်းရှိပြီး ပြည်တွင်းလုပ်သား များအတွက်   အလုပ်အကိုင်အခွင့်အလမ်းပေါင်း  ၄၄၇၅ နေရာကို ဖန်တီးပေးနိုင်မည်ဖြစ်သည်။

ယနေ့အစည်းအဝေးတွင်   ခွင့်ပြုခဲ့သည့်လုပ်ငန်းများ အနက် စစ်ကိုင်းတိုင်းဒေသကြီး၌ ဖက်စပ်နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့်  ဆောင်ရွက်မည့် ၃၀ မဂ္ဂါဝပ်  နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရောင်းချ ခြင်းလုပ်ငန်း    နှစ်ခုနှင့်    တနင်္သာရီတိုင်းဒေသကြီးတွင် ရာနှုန်းပြည့် မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုဖြင့် ဆောင်ရွက် မည့် ရေငန်ပုစွန်မွေးမြူထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း တစ်ခုတို့လည်း အပါအဝင်ဖြစ်သည်။
အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်
ခွင့်ပြုပေးခဲ့သည့် နေရောင်ခြည်စွမ်းအင်သုံး (ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်) လုပ်ငန်းသည်  မြန်မာနိုင်ငံအနေဖြင့် အမျိုးသားအဆင့် ရာသီဥတုပြောင်းလဲမှု  လျှော့ချရေးနှင့် လိုက်လျောညီထွေဖြစ်စေရေးဆိုင်ရာ   လုပ်ငန်းအစီအစဉ် (Nationally Determined Contribution- NDC) ကို ယခုနှစ်မကုန်မီ  ဆောင်ရွက်သွားမည့်  ရည်မှန်းချက်အရ လည်းကောင်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၏ ၂၀၂၀ ပြည့်နှစ်   ဒီဇင်ဘာ   ၁၂   ရက်တွင်  အွန်လိုင်းစနစ်ဖြင့် ကျင်းပခဲ့သည့် Climate Ambition Summit ၌  ပြောကြား ခဲ့သည့်   ဗီဒီယိုမိန့်ခွန်းတွင်    ပါရှိသည့်    လမ်းညွှန်ချက် အရ    အကောင်အထည်ဖော်    ဆောင်ရွက်နိုင်မည်ဖြစ် သည်။ 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်အထိ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံ/ ဒေသပေါင်း ၅၁ ခုအနက် ရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သော နိုင်ငံများမှာ စင်ကာပူ နိုင်ငံ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိုင်းနိုင်ငံတို့ဖြစ်ပြီး စီးပွားရေးကဏ္ဍ ၁၂ ခုအနက် အများဆုံးရင်းနှီးမြှုပ်နှံထား သည့်ကဏ္ဍများမှာ လျှပ်စစ်ကဏ္ဍတွင် စုစုပေါင်း ရင်းနှီး မြှုပ်နှံမှု၏  ၂၆  ဒသမ  ၁၁  ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံ မှု၏ ၂၆ ဒသမ ၀၃ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ကုန်ထုတ် လုပ်မှုကဏ္ဍတွင် စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု၏ ၁၄ ဒသမ ၅၈ ရာခိုင်နှုန်းဖြင့်လည်းကောင်း    ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။ 

သတင်းစဉ်