ပျော်ဘွယ်၊ နောင်ချိုနှင့် ဒက္ခိဏသီရိမြို့နယ်တို့၌ ကိုဗစ်-၁၉ ရောဂါ ထောက်ခံချက်အတုများ တွေ့ရှိ

29-Nov-2020

နေပြည်တော်   နိုဝင်ဘာ   ၂၈

ပျော်ဘွယ်၊ နောင်ချိုနှင့်  ဒက္ခိဏသီရိမြို့နယ်တို့၌ ကိုဗစ်-၁၉ ရောဂါ  ထောက်ခံချက်အတုများ  တွေ့ရှိခဲ့ရကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရ သည်။

အဆိုပါ သတင်းထုတ်ပြန်ချက်တွင် တပ်ကုန်းမြို့နယ် ညောင်လွန့်စစ်ဆေးရေးဂိတ်၌ နိုဝင်ဘာ ၂၅ ရက် နံနက်ပိုင်း တွင်  ယာဉ်မောင်း ဦးစိန်ဝင်းထွန်း စည်ပင်တဘက္ကာကျေးရွာ ရမည်းသင်းမြို့နယ်နေသူနှင့်         ခြောက်ဘီးယာဉ်မှ ယာဉ်မောင်း/ယာဉ်ပိုင်ရှင် ဦးအောင်ဇော်မြင့် ရှမ်းပွဲရပ်ကွက် ပျော်ဘွယ်မြို့နေသူတို့အား ပေပင်လေးစစ်ဆေးရေးဂိတ်မှ စစ်ဆေးပေးသော   RDT  စစ်ဆေးချက်လက်မှတ်အား မသင်္ကာသဖြင့် တပ်ကုန်းမြို့နယ် ဆရာဝန်ကြီးက ပျော်ဘွယ် မြို့နယ် ဆရာဝန်ကြီးထံသို့ Viber ဖြင့် ပေးပို့တိုက်ဆိုင် စိစစ်ချက်အရ အဆိုပါ RDT စစ်ဆေးချက်လက်မှတ်မှာ အတုဖြစ်သည်ဟု  သိရကြောင်း။

၎င်းတို့အား စစ်မေးချက်အရ ထောက်ခံချက်(အတု)များအား ပျော်ဘွယ်မြို့ မြင်းဘက်ရပ်ကွက် တောင်ဂိတ် တာဝန်ကျ ရန်လင်းဦးထံမှ ရယူခဲ့ကြောင်း၊  ၎င်းနေ့ ညတွင် ရန်လင်းဦးအား  ပျော်ဘွယ်မြို့    မြင်းဘက်ရပ်ကွက်၌ ဖမ်းဆီးရမိခဲ့ရာ  ရှမ်းပွဲရပ်ကွက်ရှိ ငွေစတားကွန်ပျူတာ ဆိုင်မှ ထက်အောင်ထံမှ ဝယ်ယူခဲ့ကြောင်း သိရှိရ၍ နိုဝင်ဘာ ၂၆ ရက်တွင် ထက်အောင်အား ငွေစတားကွန်ပျူတာဆိုင်၌ Samsung တံဆိပ်ပါ မော်နီတာ တစ်လုံး၊ Mega Power System Box တစ်လုံး၊ Epson L-805 ကာလာပရင်တာ တစ်လုံး၊ Canon L-100 ပရင်တာ တစ်လုံး၊ ဆက်စပ်ပစ္စည်း များနှင့်အတူ   ထပ်မံဖမ်းဆီးရမိသဖြင့်  ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း။

အလားတူ နိုဝင်ဘာ ၂၇ ရက် မွန်းလွဲပိုင်းတွင် နောင်ချို မြို့နယ်  ကိုဗစ်-၁၉ ထိန်းချုပ်ကာကွယ်ရေး စစ်ဆေးရေးဂိတ် ၌ မန္တလေးမှ  လားရှိုးသို့  တင်ဇော်လေး  ချမ်းအေးသာစံ မြို့နယ်နေသူ   မောင်းနှင်သော  ယာဉ်အား  စစ်ဆေးရာ မတ္တရာမြို့နယ် ပြည်သူ့ကျန်းမာရေးဌာနမှ ထုတ်ပေးထား သော ကိုဗစ်-၁၉ ရောဂါ မရှိကြောင်း ထောက်ခံချက်စာရွက် အား ၎င်းကိုယ်တိုင် အတုပြုလုပ် ကိုင်ဆောင်ထားသည်ကို တွေ့ရှိသဖြင့် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိ ကြောင်း။

ထို့အတူ         ညနေပိုင်းတွင်     ဒက္ခိဏသီရိမြို့နယ် စီလမ်းဆုံ   ပူးပေါင်းစစ်ဆေးရေးဂိတ်သို့    ဦးဝင်းအောင် လှည်းကူးမြို့နယ်နေသူပါ အမျိုးသား နှစ်ဦးသည် Cokaspa ကုမ္ပဏီမှ ကွန်တိန်နာယာဉ်ဖြင့် အသီးအရွက်နှင့် အသား၊ ငါးများ တင်ဆောင်ရောက်ရှိလာသဖြင့် ကျန်းမာရေးမှူးနှင့် အဖွဲ့က စစ်ဆေးရာ ကိုဗစ်-၁၉ ဓာတ်ခွဲနမူနာ စစ်ဆေးချက် ထောက်ခံချက်စာရွက်မှာ အတုဖြစ်နေသည်ကို တွေ့ရှိရ၍ ၎င်းတို့အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်း။

ကိုဗစ်-၁၉  ကပ်ရောဂါကို  အလေးထားကာကွယ် ထိန်းချုပ်နေစဉ်ကာလအတွင်း ယခုကဲ့သို့ အတုအပ ပြုလုပ် ၍ မသမာသောနည်းလမ်းဖြင့် ဆောင်ရွက်မှုအားလုံးကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ ထိရောက်စွာ ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း  ဖော်ပြထားသည်။

သတင်းစဉ်

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။