အမေရိကန် ဒုသမ္မတလောင်းများ စကားစစ်ထိုးပွဲဝင်မယ့် မိုက်ခ်ပန့်စ် ဘာတွေလုပ်ခဲ့သလဲ

07-Oct-2020

၆ အောက်တိုဘာ ၂၀၂၀

၂၀၂၀ အမေရိကန်ရွေးကောက်ပွဲအကြို အောက်တိုဘာလ ၇ ရက်နေ့မှာ ပြုလုပ်မယ့် အမေရိကန် ဒုသမ္မတလောင်းများ စကားစစ်ထိုးပွဲဝင်မယ့် လက်ရှိ ဒုသမ္မတ မိုက်ပန့်စ်ဟာ လက်ရှိ အမေရိကန် အိမ်ဖြူတော်က အမေရိကန်အစိုးရအဖွဲ့အတွင်း အရှိန်အဝါအကြီးမားဆုံး ပုဂ္ဂိုလ်တွေထဲက တစ်ဦးဖြစ်ပါတယ်။

လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ လက်အောက်မှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ လေးနှစ်တာ ကာလအတွင်း မစ္စတာ ပန့်စ်ဟာ အရည်အချင်းပြည့်ဝကြောင်း ပြနိုင်တဲ့ ဒုသမ္မတတဦးဖြစ်ခဲ့ပါတယ်။

သူ တာဝန်ထမ်းဆောင်တဲ့ ကာလအတွင်း အစိုးရအဖွဲ့ရဲ့ ရာထူးခန့်အပ်မှုတွေ ဆုံးဖြတ်ရာမှာ ဦးဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ပြီး စာနယ်ဇင်းသမားတွေရှေ့ထွက်ပြီး ပြောဆိုဆက်ဆံရာမှာလည်း အဆင်ပြေချောမွေ့မှုတွေ ရှိခဲ့သူလည်း ဖြစ်ပါတယ်။

မစ္စတာ ပန့်စ်ဟာ ထရမ့်ရဲ့ ဒုသမ္မတလောင်းအဖြစ် အရွေးချယ် မခံရခင်မှာ ထရမ့်က အဲဒီအချိန်က မဲဆွယ်စည်းရုံးနေခဲ့တဲ့ မူဝါဒ ရည်မှန်းချက်တချို့ကို ဝေဖန်တာတွေ ရှိခဲ့ပေမဲ့ လက်ရှိ အခြေအနေမှာတော့ သမ္မတကို ဝေဖန်တဲ့ စကားပြောတာမျိုး မရှိသလောက် အခြေအနေနဲ့ သစ္စာရှိ ဒုသမ္မတ ဖြစ်နေတယ်လို့ အများက ရှုမြင်ကြပါတယ်။

ထရမ့်က ကာလရှည်ကြာ ဆွဲကိုင်ထားတဲ့ ထင်မြင်ယူဆချက်တစ်ခုဖြစ်တဲ့ ယခင် သမ္မတဟောင်း ဘရတ် အိုဘားမားက အမေရိကန်နိုင်ငံမှာ မွေးသူမဟုတ်ဘူးဆိုတဲ့ အမြင်ကိုတော့ မစ္စတာ ပန့်စ်က ဆန့်ကျင်ပြောဆိုခဲ့ဖူးပြီး သူဒီလို ပြောဆိုခဲ့ပြီး ရက်ပိုင်းအတွင်းမှာပဲ ထရမ့်က သူလည်း ဒီလို မယူဆတော့ကြောင်း ပြောတာမျိုးလည်း ရှိခဲ့ဖူးပါတယ်။

စာနယ်ဇင်း ရှေ့မျက်နှာဖုံးတွေမှာ တွေ့ရခဲတဲ့ မိုက်ခ်ပန့်စ်

မစ္စတာ ပန့်စ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ကာလအတွင်းမှာ သူဟာ စာနယ်ဇင်း စာမျက်နှာတွေက ရှေ့မျက်နှာဖုံးမှာ သူ့အကြောင်းပါလာစေတဲ့ လုပ်ဆောင်မှုတွေကို ရှောင်ရှားခဲ့ပုံရပေမဲ့ လတ်တလော ကာလအတွင်းမှာတော့ အမေရိကန်အစိုးရရဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေးအဖွဲ့မှာ ဦးဆောင်တဲ့ အခန်းကဏ္ဍက ပါဝင်ခြင်းအားဖြင့် စာနယ်ဇင်း စာမျက်နှာတွေရဲ့ ရှေ့မျက်နှာဖုံးတွေမှာ သူ့ကို တွေ့လာရပါတယ်။

လက်ရှိ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မစ္စတာ ပန့်စ် ဦးဆောင်ဖို့ တာဝန်ပေးခံရပေမဲ့ အဲဒီ ကိုရိုနာ ဗိုင်းရပ်စ် အခြေအနေမှာ ဦးဆောင်မှုလောက်အထိတော့ လူသိရှင်းကြား မဟုတ်ခဲ့တဲ့ တာဝန်ကတော့ အသွင်ပြောင်းဖွဲ့စည်းလိုက်တဲ့ အမေရိကန် နိုင်ငံတော် အာကာသ ကောင်စီနဲ့အတူ အမေရိကန်ရဲ့ အာကာသဆိုင်ရာ မူဝါဒကို ဦးဆောင်ရတဲ့ တာဝန် ဖြစ်ပါတယ်။

မစ္စတာ ပန့်စ်ရဲ့ ဒုသမ္မတ သက်တမ်း တစ်လျှောက်မှာ ပထမဆုံး စာနယ်ဇင်း စာမျက်နှာတွေရဲ့ ရှေ့မျက်နှာဖုံးပေါ်ကို ရောက်လာစေတဲ့ ကိစ္စကတော့ သူ ပြည်နယ်အုပ်ချုပ်ရေးမှူးဘဝက သူ့ရဲ့ တစ်ကိုယ်ရေသုံး အီးမေးကို ရုံးသုံးအဖြစ်လည်း အသုံးပြုခဲ့မှု ဖြစ်ပါတယ်။

နိုင်ငံတော် လုံခြုံရေးအတွက် အရေးကြီးတဲ့ အချက်အလက်တွေ ပို့ရာမှာ တစ်ကိုယ်ရေသုံး အီးမေး အသုံးပြုခဲ့တဲ့ ဟီလာရီ ကလင်တန်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့တဲ့ မစ္စတာ ပန့်စ်ဟာ ဒီကိစ္စအတွက် ရှေ့နောက်မညီဘူးလို့ ဝေဖန်ခံခဲ့ရပေမဲ့ သူကတော့ ဟီလာရီလို နိုင်ငံတော်အဆင့် အရေးကြီး အချက်အလက်တွေကို တစ်ကိုယ်ရေသုံး အီးမေးနဲ့ ပို့တာမျိုး မလုပ်ခဲ့ပါဘူး။

ဒါ့အပြင် ရုရှားသံတမန်နဲ့ အငြင်းပွားဖွယ်ရာ ဆက်သွယ်မှုတွေလုပ်တယ်လို့ စွပ်စွဲခံရပြီး နိုင်ငံတော် လုံခြုံရေး အကြံပေးအဖြစ်က နုတ်ထွက်ခဲ့ရတဲ့ မိုက်ကယ်ဖလင်းဟာ အစိုးရအဖွဲ့ထဲကို ပြန်ဝင်လာရင် ကြိုဆိုမှာဖြစ်တယ်လို့ မစ္စတာ ပန့်စ်က ပြောဆိုမှုကြောင့်လည်း ရှေ့ဆုံး သတင်းစာမျက်နှာတွေပေါ်မှာ ဖော်ပြခံရတဲ့အထိ ဝေဖန်ခံခဲ့ရပါတယ်။

လက်ရှိ အမေရိကန်ပြည်တွင်းမှာ ဖြစ်ပေါ်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် အခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း ထိတ်လန့်တကြား ဖြစ်နေကြတာ လိုတာထက် ပိုလွန်းတယ်လို့ သူက ပြောဆိုမှုကြောင့် လတ်တလော ဝေဖန်ခံခဲ့ရ ပြန်ပါတယ်။

မိုက်ခ်ပန့်စ်ရဲ့ အိမ်ဖြူတော်ခရီး

မစ္စတာ ပန့်စ်ဟာ သူ့ရဲ့အိမ်ဖြူတော်ခရီးကို ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဇူလိုင်လမှာ စပြီး ခြေလှမ်းခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီ အချိန်က အသက် ၅၇ နှစ်အရွယ်ရှိတဲ့ မစ္စတာ ပန့်စ်ဟာ ဒေါ်နယ် ထရမ့်နဲ့တကွ မိသားစုကို အဲဒီ အချိန်က မစ္စတာ ပန့်စ် အုပ်ချုပ်ရေးမှူးလုပ်တဲ့ အင်ဒီယားနားပြည်နယ်က အင်ဒီယားနားပလစ်စ် မြို့မှာရှိတဲ့ နေအိမ်မှာ တွေ့ဆုံခဲ့ပါတယ်။ အခုလို တွေ့ကြချိန်မှာ ထရမ့်က မစ္စတာ ပန့်စ်ကို ဒုသမ္မတလောင်းလုပ်ဖို့ ကမ်းလှမ်းခဲ့တယ်လို့ ဆိုပါတယ်။

အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် ၂၀၁၃ ခုနှစ်ကတည်းက ထမ်းဆောင်နေခဲ့တာ ဖြစ်ပြီး အမေရိကန် အစိုးရ ရုံးစိုက်ရာ ဝါရှင်တန်မြို့က လူမှုဘဝ ရှေးရိုးစွဲ အမြင်ရှိသူ အစိုးရအဖွဲ့ဝင် အသိုင်းအဝိုင်းကြားမှာ လူချစ်လူခင် ပေါများသူလည်း ဖြစ်ပါတယ်။

အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူး မလုပ်ခင်မှာ မစ္စတာ ပန့်စ်ဟာ အမေရိကန် မဲဆန္ဒနယ် ကိုယ်စားလှယ်များ လွှတ်တော် (House of Representatives) မှာ ၁၂ နှစ် အမတ်လုပ်ခဲ့တဲ့ အတွေ့အကြုံရှိခဲ့ပြီး ရီပတ်ဘလီကန်ပါတီရဲ့ တတိယ ရာထူးအမြင့်ဆုံးနေရာဖြစ်တဲ့ House of Representatives လွှတ်တော်အတွင်းက ရီပတ်ဘလီကန် ပါတီဝင်များဆိုင်ရာ ညီလာခံ ဥက္ကဋ္ဌ လုပ်ခဲ့သူလည်း ဖြစ်ပါတယ်။

ရိုမန် ကက်သလစ် ခရစ်ယာန် ဘာသာဝင်အဖြစ် အင်ဒီယားနားပြည်နယ် ကိုလံဘတ်စ်မြို့မှာ ကြီးပြင်းခဲ့တဲ့ မစ္စတာ ပန့်စ်မှာ မွေးချင်းငါးယောက်ရှိပြီး သူဟာ လွတ်လပ်သော အမြင်ရှိသူ လစ်ဘရယ်သမားတွေဖြစ်တဲ့ အမေရိကန်သမ္မတဟောင်း ဂျွန် အက်ဖ် ကနေဒီနဲ့ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ မာတင်လူသာကင်းတို့ကို အားကျပြီး နိုင်ငံရေးသမား ဖြစ်လာတာလို့ ပြောခဲ့ဖူးပါတယ်။

သူဟာ ရီပတ်ဘလီကန် ပါတီဝင်တစ်ယောက် ဖြစ်ပေမဲ့ ဒါက သူ့ရဲ့ တတိယ ဦးစားပေး ရပ်တည်ချက်သာ ဖြစ်ပြီး သူ့ရဲ့ ပထမဦးစားပေး ခံယူချက်က ခရစ်ယာန်ဘာသာရေးအမြင်ဖြစ်ပြီး ဒုတိယဦးစားပေး ခံယူချက်ကတော့ ရှေးရိုးစွဲ အမြင်ရှိခြင်းတို့ ဖြစ်တယ်လို့လည်း ပြောဆိုခဲ့ဖူးပါတယ်။

သူဟာ ကောလိပ်ကျောင်းသားဘဝမှာ သူ့ရဲ့ အနာဂတ် ဇနီးသည်ဖြစ်လာမယ့် ကယ်ရန် ဘက်တန်နဲ့ ဧဝံဂေလိ အခြေခံ ခရစ်ယာန် ဘုရားကျောင်းတစ်ကျောင်းမှာ တွေ့ကြပြီးနောက်ပိုင်း သူ့ရဲ့ဘဝအမြင်တွေက သိသိသာသာ ပြောင်းလဲသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြည်နယ်အုပ်ချုပ်ရေးမှူးဘဝက အငြင်းပွားဖွယ်ရာ လုပ်ဆောင်မှုများ

သူ အင်ဒီယားနားပြည်နယ် အုပ်ချုပ်ရေးမှူးဘဝမှာ ဘာသာရေး လွတ်လပ်ခွင့် ပြန်လည် ထိန်းသိမ်းရေး အက်ဥပဒေကို လက်မှတ်ထိုးခဲ့တဲ့အတွက် တစ်နိုင်ငံလုံးက မကျေနပ်သူတွေရဲ့ ဝေဖန်မှုတွေလည်း ခံခဲ့ရဖူးပါတယ်။

အဲဒီ ဥပဒေဟာ စီးပွားရေးသမားတွေကို ဘာသာရေးအကြောင်းပြချက်နဲ့ တစ်ဦးတစ်ယောက်ကို ဝန်ဆောင်မှု ပေးဖို့ မပေးဖို့ ဆုံးဖြတ်ချက် ပေးခြင်းအားဖြင့် လိင်တူလိင်ကွဲ ချစ်ကြိုက်သူများကို ခွဲခြားဆက်ဆံမှု ဖြစ်ပေါ်စေတယ်လို့ ဝေဖန်သုံးသပ်သူတွေက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ပြည်နယ်တွင်း ဥပဒေကို တစ်နိုင်ငံလုံးနဲ့ချီပြီး ကန့်ကွက်မှုတွေ ရှိလာခဲ့တာကြောင့် လိင်တူ ချစ်ကြိုက်သူတွေကို စီးပွားရေး လုပ်ငန်းတွေက ဝန်ဆောင်မှု မပေးဖို့ ငြင်းခွင့်မရှိဘူးဆိုပြီး ပြန်လည်ပြင်ဆင်ခဲ့ပေမဲ့ ရှေးရိုးစွဲ အမြင်ရှိသူတွေဘက်က သူတို့ကို သစ္စာဖောက်သွားတယ်ဆိုတဲ့ ဝေဖန်မှုတွေ ပြန်ခံခဲ့ရ ပြန်ပါတယ်။

မစ္စတာ ပန့်စ်ဟာ ကိုယ်ဝန်ဖျက်ချမှုကို ပြင်းပြင်းထန်ထန် ကန့်ကွက်တဲ့ သူ့ရဲ့ အမြင်ကြောင့်လည်း လူသိများသူ ဖြစ်ပါတယ်။

ဧဝံဂေလိ ခရစ်ယာန်တဦးဖြစ်ပြီး သားသမီး သုံးယောက်ရဲ့ ဖခင်လည်းဖြစ်တဲ့ မစ္စတာ ပန့်စ်ဟာ တစ်နိုင်ငံလုံးမှာ အတင်းကြပ်ဆုံးတွေထဲက တစ်ခုအပါအဝင် ဖြစ်တဲ့ ကိုယ်ဝန်ဖျက်ချခွင့် ဥပဒေကို အင်ဒီယားနား ပြည်နယ်တွင်း အာဏာတည်စေဖို့ ၂၀၁၆ ခုနှစ်တုန်းက အမိန့်ထုတ်ခဲ့ဖူးပါတယ်။

သူ ဒုသမ္မတ ဖြစ်လာချိန် ၂၀၁၈ ခုနှစ်မှာတော့ အင်ဒီယားနား အပါအဝင် ပြည်နယ် သုံးခုအတွင်းက ဒိစကြိတ် ၇ ခု အပိုင် အယူခံ တရားရုံးတစ်ရုံးက အဲဒီ ဥပဒေကို ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မညီဘူးဆိုပြီး ပယ်ဖျက်တဲ့ အမိန့်ထုတ်ခဲ့ရာမှာ ဒီဥပဒေရဲ့ မသန်မစွမ်း မွေးလာနိုင်ခြေရှိသူတွေကို ကိုယ်ဝန်ဖျက်ချခွင့် ပိတ်ပင်တဲ့ ကန့်သတ်ချက်က အဓိက အကြောင်းအချက် ဖြစ်ခဲ့ပါတယ်။

၂၀၁၇ ခုနှစ်မှာတော့ အမေရိကန်ပြည်တွင်းမှာ ကိုယ်ဝန်ဖျက်ချမှု ကန့်ကွက်ရေးဆိုင်ရာ အကြီးဆုံး နှစ်စဉ် စုဝေးချီတက်ပွဲဖြစ်တဲ့ 'အသက်တစ်ချောင်းအတွက် ချီတက်ကြ' ဆိုတဲ့ပွဲကို မစ္စတာ ပန့်စ်က လာရောက်ခြင်းအားဖြင့် ဒီပွဲကို တာဝန်ထမ်းဆောင်ဆဲ ဒုသမ္မတစ်တယောက်က ပထမဆုံး တက်လိုက်တဲ့ သမိုင်းဝင်သွားပြီး နောက်ပိုင်းနှစ်တွေမှာလည်း ဆက်လက် တက်ရောက်နေခဲ့ပါတယ်။

၂၀၁၂ ခုနှစ်မှာ ဆိုရင်လည်း အိုဘားမား ကျန်းမာရေး အက်ဥပဒေလို့ခေါ်ကြတဲ့ ကျန်းမာ သက်သာချောင်ချိရေး အက်ဥပဒေ အပေါ် တရားရုံးချုပ်က ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ညီတယ်လို့ ဆုံးဖြတ်ပြီး ဆက်လက် အာဏာတည်စေခဲ့တဲ့အပေါ် အဲဒီ အချိန်က အမတ်ဘဝမှာပဲ ရှိသေးတဲ့ မိုက်ပန့်စ်က ၂၀ဝ၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ အကြမ်းဖက် တိုက်ခိုက်မှုနဲ့ မလျော်မကန် ခိုင်းနှိုင်းပြောဆိုခဲ့တဲ့အတွက် နောက်ပိုင်းမှာ ပြန်လည် တောင်းပန်ခဲ့ရပါတယ်။

ဒုသမ္မတလောင်းများ စကားစစ်ထိုးပွဲမှာ ဘာတွေ အဓိကထား ပြောနိုင်သလဲ

ဒီမိုကရက်ဘက်က သမ္မတလောင်း ဂျိုးဘိုင်ဒန်ရဲ့ ဒုသမ္မတလောင်း ကာမာလာ ဟဲရစ်စ်နဲ့ စကားစစ်ထိုးမယ့် မစ္စတာ ပန့်စ်ဟာ သူ့ရဲ့ ပြီးခဲ့တဲ့ ၂၀၁၆ တုန်းက သမ္မတလောင်း ဟီလာရီ ကလင်တန် ရွေးချယ်ခဲ့တဲ့ ဒုသမ္မတလောင်း တင်မ်ကိန်းန် ကို ဒုသမ္မတလောင်းများ စကားစစ်ထိုးပွဲမှာ အနိုင်ရအောင် ပြောဆိုနိုင်ခဲ့တယ်လို့ စာနယ်ဇင်းသမား အများစုက ယူဆခဲ့ကြပါတယ်။

ဒီတစ်ကြိမ်မှတော့ အဲဒီအချိန်က အဓိက စကားစစ်ထိုးကြတဲ့ အကြောင်းအရာတွေထဲမှာ မပါခဲ့တဲ့ လိင်တူလိင်ကွဲ အခွင့်အရေးနဲ့ ကိုယ်ဝန်ဖျက်ချခွင့်တွေနဲ့ ပတ်သက်လို့ ကာမာလာ ဟဲရစ်စ်ဘက်က မစ္စတာ ပန့်စ်ကို အဓိက တိုက်ခိုက်နိုင်ပြီး ဒီလို လုပ်ဖို့လည်း တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းနေကြပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်တိုက်ဖျက်ရေး တာဝန်ပေးခံထားရတဲ့ မိုက်ခ် ပန့်စ်အနေနဲ့ ထရမ့်ရဲ့ ဘိုင်ဒန်နဲ့ စကားစစ်ထိုးပွဲမှာလို ဝေဖန် တိုက်ခိုက်ခံရမှာကို ပြင်ဆင်ထားမှာဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်မှာ သေဆုံးသူ နှစ်သိန်းကျော်တဲ့အထိ အခြေအနေဆိုးထားတဲ့အတွက် ကာကွယ်ရေး လုပ်ဆောင်မှုတွေကို တိုက်ရိုက် ကာကွယ်ပြောဆိုဖို့ကိုတော့ ထရမ့်ဖြစ်ခဲ့သလိုပဲ ခက်ခဲနိုင်တဲ့အတွက် သွယ်ဝိုက်တဲ့ ဖြေရှင်းမှုကိုပဲ ထရမ့်လုပ်ခဲ့သလို လုပ်နိုင်ခြေ ရှိနေပါတယ်။

USA Today သတင်းဌာနရဲ့ ဝါရှင်တန် ဌာနခွဲ အကြီးအမှူး ဆူဆန် ပေ့(ဂျ်)က သဘာပတိလုပ်မယ့် ရီပတ်ဘလီကန်ဘက်က မိုက်ခ် ပန့်စ်နဲ့ ဒီမိုကရက်ဘက်က ကာမာလာ ဟဲရစ်စ်တို့ရဲ့ စကားစစ်ထိုးပွဲကို ယူတားပြည်နယ်က ဆော့လ်တ် လိတ်ခ် မြို့မှာ ကျင်းပမှာဖြစ်ပါတယ်။

ဒါပေမဲ့ အမေရိကန် သမ္မတလောင်း စကားစစ်ထိုးပွဲ ဝင်ပြီးနောက်ပိုင်း စမ်းသပ်မှုအရ ထရမ့်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရကြောင်း တွေ့ခဲ့ပြီး ဆေးရုံပါ တက်ခဲ့တဲ့ အခြေအနေကြောင့် လာမယ့် ဒုသမ္မတလောင်း စကားစစ်ထိုးပွဲမှာ နှစ်ဖက် ၁၂ ပေအထိ ခွာထားမယ့်အပြင် မှန်လည်း ကာထားဖို့ အောက်တိုဘာလ ၅ ရက်နေ့မှာ ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်ခဲ့ပါတယ်။

Crd BBC News