ပါတီကြီး နှစ်ခု ၀န်းရံသူချင်း အချင်းများရာကနေ NLD ဝန်းရံသူတစ်ဦး သေဆုံး၊ တရားခံကို ဖမ်းမိထား

12-Nov-2020

ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ် ၊ တကုန်းကြီးကျေးရွာမှာ NLD ဝန်းရံလူငယ်တစ်ဦးကို ခဲနဲ့ထုသတ်ခဲ့တဲ့ တရားခံကို ဖမ်းမိထားပြီဖြစ်လို့ လူသတ်မှုနဲ့ အမှုဖွင့်ပြီး တရားစွဲတင်ဖို့ ဆောင်ရွက်နေတယ်လို့ ဧရာဝတီတိုင်းဒေသကြီး၊ ရဲတပ်ဖွဲ့မှူးရုံး ဒုရဲမှူးကြီးထွန်းရွှေက ဘီဘီစီကို အတည်ပြုပါတယ်။

ကျူးလွန်သူဟာ တစ်ဖက်အင်အားကြီးပါတီတစ်ခုကို ဝန်းရံသူတစ်ဦးဖြစ်တယ်လို့ ဒုရဲမှူးကြီးထွန်းရွှေက အတည်ပြုသလို ကျေးရွာကဒေသခံအချို့ကလည်း ပြောပါတယ်။

ဒေသခံမျက်မြင်သက်သေတွေနဲ့ ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ နိုဝင်ဘာ ၉ ရက်၊ ည ၉ နာရီလောက်မှာ တကုန်းကြီးကျေးရွာက ရွှေသပြေထမင်းဆိုင်မှာ NLD ဝန်းရံတဲ့လူငယ် တချို့ အောင်ပွဲခံ ညစာစားပွဲ ပြုလုပ်ပြီး ပစ္စည်းသိမ်းဆည်းနေတုန်းမှာ သေဆုံးသူနဲ့ ပြစ်မှုကျူးလွန်သူတို့ စကားများ ရန်ဖြစ်ကြတယ်လို့ ဆိုပါတယ်။

အဲဒီနောက် ကျူးလွန်သူက ဆိုင်ပြင်ထွက်ပြီး တဖက်ကားလမ်းကိုခေါ်ထုတ်ရင်း ဆက်စကားများရာက ကားလမ်းတဖက်မှာ ခဲနဲ့ထုခဲ့တာလို့ ဆိုပါတယ်။

ခဲနဲ့ထုခံရတဲ့ ဒဏ်ရာကြောင့် ကျူးလွန်ခံရသူဟာ ဆေးရုံကို ပို့ဆောင်နေတဲ့လမ်းမှာပဲ သေဆုံးခဲ့တယ်လို့ ​ဆေးရုံကို လိုက်ပါပို့ဆောင်ခဲ့တဲ့ တကုန်းကြီးဒေသခံအချို့ကပြောပါတယ်။

"အဲဒီနေ့ကတော့ အဲဒီတရားခံကို ရွာသားတွေက ဖမ်းချုပ်ထားတဲ့အချိန်မှာတော့ သူ့ကိုသူများခိုင်းလို့လုပ်ရတာဆိုပြီးအော်ပြောတယ်"လို့ သေဆုံးသူကိုဆေးရုံပို့ဆောင်ပေးခဲ့တဲ့ တကုန်းကြီးရွာက NLD ဝန်းရံသူ မချယ်ရီဖြိုးဆွေက ပြောပါတယ်။ အဲဒီအချက်နဲ့ပတ်သက်ပြီး ရဲတပ်ဖွဲ့ကိုမေးမြန်းချက်အရ အမှုဖြစ်စဉ်နဲ့ ဆက်စပ်နိုင်သူတွေကိုစစ်ဆေးနေဆဲဖြစ်တယ်လို့ပြောပါတယ်။

ခဲနဲ့ထုသူကို ညတွင်းချင်းဖမ်းမိထားပြီး အခင်းဖြစ်ပွားချိန် အနီးမှာရှိနေသူနှစ်ဦးကတော့  ထွက်ပြေးသွားတယ်လို့သိရပါတယ်။

သေဆုံးသူဟာ အသက် ၃၁ နှစ်အရွယ်ဖြစ်ပြီး ကန်ကြီးထောင့်ရဲစခန်းမှာ သေဆုံးသူရဲ့ ဇနီးဖြစ်သူကလူသတ်မှုအတွက်ရာဇသတ်ကြီးပုဒ်မ(၃၀၂) နဲ့ အမှုဖွင့်ထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ- ချယ်ရီဖြိုးဆွေ

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။