ချင်းပြည်နယ်၏ အကြီးဆုံးဖြစ်ပြီး စတုတ္ထမြောက်ရေလှောင်တမံဖြစ်သည့် နွယ်ချောင်းဆည်ရေလှောင်တမံကို ငွေကျပ်သန်း ၂၀၀၀ ဖြင့် တည်ဆောက်သွားမည်

25-Nov-2020

ဟားခါး နိုဝင်ဘာ ၂၄

ချင်းပြည်နယ်၏ အကြီးဆုံးဖြစ်ပြီး စတုတ္ထမြောက် ရေလှောင်တမံ ဖြစ်သည့် နွယ်ချောင်းဆည် ရေလှောင်တမံကို သောက်သုံးရေ ဖူလုံစွာရရှိနိုင်ရေးနှင့် ပတ်ဝန်းကျင် သာယာလှပစေရန် ရည်ရွယ်၍ ၂၀၂၀-၂၀၂၁ ပြည်နယ် ငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း ၂၀၀၀ ဖြင့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ (ခန့်မှန်း)တွင် စတင်တည်ဆောက်သွားမည်ဟု သိရသည်။

အဆိုပါ နွယ်ချောင်းဆည် ရေလှောင်တမံသည် ဟားခါးမြို့၏ တစ်မိုင်ခန့်အကွာတွင် တည်ရှိ၍ ချောင်းသုံးခုဆုံရာ နေရာတွင် တည်ဆောက်သွားမည်ဖြစ်ကြောင်း၊ တမံအမျိုးအစားမှာ မြေသားတမံ အမျိုးအစားဖြစ်ပြီး တမံ၏ ကနဦး လျာထားအတိုင်းအတာ) အမြင့် ၉၅ ပေ၊ အလျား ပေ ၈၂၀ နှင့် ကန်ရေပြည့် သိုလှောင်နိုင်သည့်ပမာဏ ၂၅၆၀ ဧက (ဂါလန် ၆၉၁၂၀၀၀၀၀)နှင့် အသုံးပြုနိုင်သည့် ရေပြည့်ရေလှောင်ပမာဏမှာ ၂၁၁၄ ဧက (ဂါလန် ၅၇၀၇၈၀၀၀၀) ဖြစ်ကြောင်း၊ ရေထုတ်ပြွန် အမျိုးအစားမှာ သံကူကွန်ကရစ် အမျိုးအစား ဖြစ်ပြီး အချင်း ၄ ပေ ၆ ပေ၊ သံကူ ကွန်ကရစ် ရေပိုလွှဲအမျိုးအစား ဖြစ်ကြောင်း၊ တမံ တည်ဆောက် ကာလမှာ သုံးနှစ်(ခန့်မှန်း)ကြာမြင့် နိုင်ကြောင်း သိရသည်။

ချင်းပြည်နယ် အတွင်းတွင် ပထမဦးဆုံးဆည်မှာ အထက်လိုင်ဗား ဆည်ရေလှောင်တမံ၊ ဒုတိယဆည်မှာ သီကီရ်ဆည်ရေလှောင်တမံ၊ တတိယမြောက်ဆည်မှာ အောက်လိုင်ဗား ရေလှောင်တမံနှင့် စတုတ္ထဆည် ရေလှောင်တမံအဖြစ် နွယ်ချောင်း ရေလှောင်တမံကို တည်ဆောက်မည် ဖြစ်ပြီး ဆည်တည်ဆောက် ပြီးပါက ဒေသခံပြည်သူများအတွက် နေ့စဉ်လိုအပ်လျက်ရှိသော သောက်သုံးရေ ဖြန့်ဝေပေးနိုင်မည် ဖြစ်ကြောင်း သိရ သည်။

ခရိုင်(ပြန်/ဆက်)