သဘာဝဘေးအန္တရာယ်ကို ကာကွယ်ပြီး ကုန်ကျစရိတ်သက်သာကာလူသားတို့အတွက် အကျိုးပြုသည့် ဝါးစိုက်ပျိုး

03-Jan-2021

ဝါးပင်သည် မြန်မာပြည်အနှံ့အပြားတွင် ပေါက်ရောက်သော သဘာဝပေါက်ပင် တစ်မျိုးဖြစ်သည်။ မြန်မာနိုင်ငံသည် ဝါးပေါက်ရောက်မှု အများဆုံးနိုင်ငံဖြစ်ပြီး အကျိုးရှိရှိ အသုံးချတတ်ပါက တန်ဖိုးမြင့်အပင်အမျိုးအစားပင် ဖြစ်သည်။ 
ဝါးပင်သည် ရေညှိ၊ ရေမှော်မှတစ်ဆင့် ဖြစ်ပေါ်လာသောကြောင့် မြက်ကြီး ပင်တစ်မျိုးဖြစ်ပြီး ဝါးပင်၏ သုံးပုံတစ်ပုံအလေးချိန်ကို ဇီဝမြေဩဇာအဖြစ် ခြွေချ ပေးကာ မြေဩဇာ အထူးကောင်းမွန်သည်။  ဝါးပင်သည် သဘာဝတရားအရ အခြားအပင်များ  ရှင်သန်ရေးအတွက်လည်း  အားပေးသော အပင်ဖြစ်သည်။ ဖုန်စုပ်ယူမှုအားကောင်းသည့်အပြင်  ဝါးရွက်တွင် အဏုဇီဝပိုးမွှားများ ရှင်သန် ပေါက်ဖွားပြီး    ထိုပိုးမွှားများသည်   အပင်များရှင်သန်ကြီးထွားရေးအတွက် အကောင်းဆုံး ဇီဝမြေဩဇာဖြစ်သည်။

ဝါးပင်သည် ကြီးမားသော   ဝါးတောကြီးများအဖြစ်  ဖုံးလွှမ်းနေစေကာမူ အခြားအပင်များ ကြီးထွားခွင့်၊ စိုးမိုးခွင့်ကိုလည်း ပေးထားပေသည်။  ဝါးပင်ကို ကျောက်ခေတ်လူသားတို့က  နေစရာနှင့်  လက်နက်ပစ္စည်းများအဖြစ် အသုံးပြု ကြသည်။ ဝါးပင်သည် ကမ္ဘာဦးအစကပင် လူသားများနှင့်  ရင်းနှီးပြီးသားအပင် ဖြစ်ကာ နေစရာပေးသည်၊  စားစရာပေးသည်၊  အခြားအပင်များ စိုက်ပျိုးရန် အတွက် မြေဩဇာဖန်တီးပေးသည်။ မြေအောက်ရေကို ထိန်သိမ်းပေးပြီး  မြေဆီလွှာ များ မိုးရေနောက်ပါမသွားအောင်  အမြစ်များက ထိန်းသိမ်းပေးသည်။ 

မြန်မာနိုင်ငံတွင် ဝါးမျိုးစုစုပေါင်း  ၂၂ မျိုးနှင့် မျိုးစိတ်ပေါင်း ၁၂၀ ခန့် ပေါက်ရောက်ပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၀၀ နှင့် ၂၆၀၀ ကြားတွင် အများဆုံးတွေ့ရသည်။ အပူချိန် ၁၁ ဒီဂရီဖာရင်ဟိုက်မှ ၁၀၀ ဒီဂရီ ဖာရင်ဟိုက်၊ မိုးရေချိန် ၃၁လက်မမှ ၂၅၄ လက်မရှိ၍ ရေမဝပ်သောမြေနှင့် ဆားငံမြေမှလွဲ၍ ကျန်မြေများတွင်  ရှင်သန်ပေါက်ရောက်နိုင်သည်။   ဝါးပင်သည်   အခြားအပင်များထက် အောက်ဆီဂျင် ၃၅ ရာခိုင်နှုန်း ပိုမိုထုတ်လုပ်နိုင်ပြီး ဝါးတစ်ဟက်တာ စိုက်ပျိုးထားပါက ကာဗွန်တန် ၂၀၀၊ ဆာလဖာဒိုင်အောက်ဆိုဒ် တန် ၆၀ မှ  ၉၀၊ ဖုန်မှုန့် တန် ၆၀ မှ ၉၀ အထိ စုပ်ယူနိုင်ကြောင်း သိရသည်။

ဝင်ငွေပိုရနိုင်

ဝါးစိုက်ပျိုးသူများသည်  ရိုးရာနည်း၊  ဆေးသွင်းနည်း၊  ဆေးစိမ်နည်း၊ ဝါးပေါင်းနည်းများဖြင့် ရေရှည်ခံအောင်ပြုလုပ်ပြီး ရောင်းချပါက သစ်နေရာတွင် ဝါးများနေရာရလာပြီး ဈေးကွက်ကောင်းတစ်ခု ဖြစ်လာနိုင်သည်။ ဝါးစိုက်သောသူ များသည်  ဝါးပင်မျိုးပွားနည်းများ  သိထားပါမှ ဝါးမျိုးများလည်း ရောင်းချနိုင်ပေ မည်။ ဝါးစိုက်ပျိုးခြင်းသည် ရာသီပေါ်သီးနှံများထက် ဝင်ငွေပိုရနိုင်ပြီး  မြေဆီလွှာ ဆုံးရှုံးမှုကို ကာကွယ်နိုင်သည့်အပြင် ဝါးရွက်များက မြေဆီလွှာဖြစ်ထွန်းစေခြင်း၊ မြေအောက်ရေကို  ထိန်းသိမ်းနိုင်ခြင်း၊    ရာသီဥတုဒဏ်ကို  ကြောက်စရာမလိုဘဲ ဓာတ်မြေဩဇာ ကျွေးစရာမလို၊ ပိုးသတ်ဆေးဖျန်းစရာမလိုသောကြောင့်  ဝါးစိုက် ပျိုးခြင်းသည်  ကုန်ကျမှုစရိတ်သက်သာပြီး  အကျိုးများကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)
စာကိုး- ဝင်းကျော်ဦးလေးစားရမည့် ဝါးပင်တို့၏ သဘာဝနှင့် စီးပွားဖြစ် ဝါးစိုက်ပျိုးရေးစာအုပ်