အာကာသတွင်းနက်ကြီးကို ရှာဖွေဖော်ထုတ်ခဲ့သော သိပ္ပံပညာရှင်သုံးဦး ၂၀၂၀ ရူပဗေဒနိုဗယ်ဆုရရှိ

08-Oct-2020

စတော့ဟုမ်း အောက်တိုဘာ ၇

 စကြဝဠာအတွင်း ထူးခြားဆန်းပြားဆုံးသော ဖြစ်စဉ်တစ်ခုဖြစ်သည့် အာကာသ တွင်းနက်ကြီးကို ရှာဖွေဖော်ထုတ်ခဲ့သော သိပ္ပံပညာရှင်သုံးဦးသည် ၂၀၂၀ ပြည့်နှစ် ရူပဗေဒနိုဘယ်ဆုကို အတူတကွ ပူးတွဲဆွတ်ခူးရရှိခဲ့ကြောင်း၊ စတော့ဟုမ်းရှိ တော်ဝင်ဆွီဒင်သိပ္ပံ အကယ်ဒမီက အောက်တိုဘာ ၆ ရက် ကကြေညာလိုက်သည်။

အဆိုပါ ဆုတစ်ဝက်ကို ရော်ဂျာပန်ရို့စ်နှင့် တခြားတစ်ဝက်ကို ရိန်းဟာ့ဒ်ဂန်ဇယ်နှင့် အန်ဒရီယာ ဂေ့ဇ်တို့ကို ချီးမြှင့်ခဲ့သည်။

ရော်ဂျာပန်ရို့စ်က အာကာသတွင်း နက်ကြီးဖွဲ့စည်းတည်ဆောက်ပုံ ယေဘုယျ နှိုင်းဆယူဆချက် အနုမာနအယူအဆကို ဖော်ပြခဲ့သည်။ ရိန်းဟာ့ဒ် ဂန်ဇယ်နှင့် အန်ဒရီယာနော့ဇ်တို့က နဂါးငွေ့တန်း ကြယ်စင်စု (ဂလက်ဆီ) ၏ အလယ်တွင် ကြယ်ပတ်လမ်းကို လွှမ်းမိုးနေသော အလွန်ကြီးမားပြီး မမြင်နိုင်သောအရာဝတ္ထုကို ရှာဖွေ ဖော်ထုတ်နိုင်ခဲ့သည်။ အလွန်တရာကြီးမားသော အာကာသ တွင်းနက်ကြီးသည် အခုချိန် အထိသိရှိထားသော ရှင်းပြချက်ဖြစ်ကြောင်း သိပ္ပံအကယ်ဒမီ၏ ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

သိပ္ပံပညာရှင်များ၏ တွေ့ရှိချက်များသည် သိပ်သည်းကျစ်လျစ်ပြီး အလွန်တရာကြီးမားသော အရာဝတ္ထု များ၏ လေ့လာမှုနယ်ပယ်သစ်ကို ဖော်ထုတ်နိုင်ခဲ့သည်။ သို့သော်လည်း ဤထူးခြားဆန်းပြားသော အရာဝတ္ထု များသည် ယခုအချိန်အထိ တိကျသော အဖြေများ ရရှိရန်နှင့် အနာဂတ် သုတေသန လုပ်ငန်းများ လုပ်ဆောင်ရန် မေးခွန်းများ ကျန်ရှိနေသေးကြောင်း သိရသည်။ ၎င်းတို့၏ အတွင်းပိုင်း ဖွဲ့စည်းမှုသာမက အာကာသတွင်းနက်ကြီးအနီး ပြင်းထန်သော အခြေအနေများအောက်မှ ဆွဲငင်အား အယူအဆကို မည်သို့မည်ပုံ စမ်းသပ်လျက်ရှိသည်ကို စူးစမ်းရန်အတွက်လည်း မေးခွန်းများ ကျန်ရှိလျက် ရှိသေးကြောင်း ရူပဗေဒဆိုင်ရာ နိုဗယ်ဆုရွေးချယ်ရေး ကော်မတီဥက္ကဋ္ဌ ဒေးဗစ်ဟာဗီလန်းဒ်က ပြောကြားလိုက်သည်။

သိပ္ပံပညာရှင်တစ်ဦးဖြစ်သူ အန်ဒရီယာဂေ့ဇ်က ဖုန်းဖြင့် အမေးအဖြေ ကဏ္ဍတွင် အမျိုးသမီးသိပ္ပံပညာရှင် တစ်ဦးအနေဖြင့် နိုဗယ်ဆုကို လက်ခံရရှိရန်အတွက် ရင်ဖိုစိတ်လှုပ်ရှားစရာကောင်းကြောင်း ဆုနှင့် ပတ်သက်ပြီး လေးလေးနက်နက် တာဝန်ရှိကြောင်း ပြောကြားလိုက်သည်။ "

၎င်းကသိပ္ပံပညာသည် လူ့လောကအတွက် အလွန်အရေးပါကြောင်းနှင့် အနာဂတ်မျိုးဆက်များကို ကမ္ဘာကြီးအတွက် အရေးပါသော မေးခွန်းများ မေးမြန်းခြင်းနှင့် စဉ်းစားတွေးခေါ်ခြင်း စွမ်းရည်များကို သင်ပေးချင်ကြောင်း ဆက်လက်ပြောကြားလိုက်သည်။

အာကာသတွင်းနက်ကြီးအတွင်း ဘာရှိသလဲဆိုသည်ကို မိမိတို့ ယခု အချိန်အထိမသိသေးကြောင်း စိတ်ဝင် စားစရာ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်း၊ ယင်းအစိတ်အပိုင်းက မိမိတို့၏နားလည်မှုများကို ကမ္ဘာသစ်ဆီသို့ တွန်းပို့နေကြောင်း သူက ပြောကြား လိုက်သည်။ ယခုနှစ် ဆုတန်ဖိုး ဆွီဒင် ခရိုနာ ၁၀ သန်း (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၂ သန်း)၏ တစ်ဝက်ကို ပန်ရို့စ်သို့ ပေးအပ်မှာဖြစ်ပြီး ကျန်တစ်ဝက်ကို ဂန်ဇယ်နှင့် ဂေ့ဇ်တို့ကို ပူးတွဲပေးအပ်မည်ဖြစ်သည်။

၁၉၃၁ ခုနှစ်တွင် မွေးဖွားသော ပန်ရို့စ်သည် အောက်စဖို့ဒ်တက္ကသိုလ်မှ ပါမောက္ခတစ်ဦးဖြစ်သည်။

၁၉၅ ခုနှစ်တွင် မွေးဖွားသော ဂန်ဇယ်သည် အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယား၊ ဘာကလေး တက္ကသိုလ်၏ ပါမောက္ခတစ်ဦးဖြစ်ပြီး ဂျာမနီနိုင်ငံ ဂါးချင်းမြို့ အခြားကမ္ဘာ ဂြိုဟ်နှင့်ဆိုင်သော ရူပဗေဒဆိုင်ရာ မက်ပလန့်ခ်အင်စတီကျု၏ ညွှန်ကြား ရေးမှူးတစ်ဦးလည်း ဖြစ်သည်။

ဂေ့ဇ်သည် ၁၉၆၅ ခုနှစ်တွင် မွေးဖွားသော အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်ရှိ ကယ်လီဖိုးနီးယား တက္ကသိုလ်၏ ပါမောက္ခတစ်ဦး ဖြစ်သည်။

ဆင်ဟွာ