အစိုးရနဲ့ တပ်ကို ဝေဖန်တဲ့ ကျောင်းသား လေးဦးကို ပြန်လွှတ်ပေးဖို့ BHRN တောင်းဆို

18-Nov-2020

ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ အစိုးရနဲ့ တပ်မတော်ကို ဝေဖန်ထောက်ပြတဲ့ ကျောင်းသားတွေကို  နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲတာဟာ အာဏာရပါတီ NLD အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို အကာအကွယ်ပေးဖို့ ပျက်ကွက်တာပဲလို့ BHRN က ပြောလိုက်ပါတယ်။

တပ်မတော်ရဲ့ ကျူးလွန်မှုတွေကို အစိုးရက အသံတိတ်နေတာမို့ ကျောင်းသားတွေက တောင်းဆိုတာဖြစ်ပြီး တောင်းဆိုသူတွေကို အရေးယူတာဟာ ဒီမိုကရေစီနဲ့ သွေဖီသွားပြီလို့ မြန်မာလူ့အခွင့်အရေးကွန်ရက် BHRN ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးကျော်ဝင်းက ပြောပါတယ်။

"ကျောင်းသားတွေ ဒီလိုအော်နေတယ်။ ဒီလိုအသံထွက်လာတာက အစိုးရအနေနဲ့ အားနည်းချက်တွေ အများကြီးရှိတယ်နေတယ်၊ စစ်တပ်ရဲ့ မတရားကျူးလွန်မှုတွေကို အစိုးရက အသံတိတ်နေတယ်၊ ဒါတွေကို ပြည်သူတွေက မခံမရပ်နိုင်တော့ဘူး။ ဒါကြောင့်မို့ အသံတွေထွက်လာခြင်းဖြစ်တယ်၊ ဒီလိုအသံထွက်တာကို အရေးယူတာက ဒီမိုကရေစီနဲ့ လုံးဝသွေဖီသွားပြီ၊ လူ့အခွင့်ရေးကို ဆန့်ကျင်တဲ့ဥပဒေမျိုးတွေ၊ လွတ်လပ်ခွင့်တို့၊ ဒီမိုကရေစီရဲ့ ပြုပြင်ပြောင်းလဲရေးကို အတားဆီးဖြစ်တဲ့ ဥပဒေမျိုးတွေကို ဆက်လက်ကျင့်သုံးတာကို ရပ်တန့်သင့်တယ်၊ ဒီဥပဒေတွေကို လုံးဝပြောင်းလဲသင့်တယ်လို့ BHRN က တောင်းဆိုတာပါ။"

အစိုးရအနေနဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နဲ့ စုဝေးခွင့်ကို ဟန့်တားတဲ့ ဥပဒေတွေကို ဖျက်သိမ်းဖို့ လိုပြီလို့လည်း BHRN က ဆိုပါတယ်။

ကိုဦးသန်းနိုင်၊ ကိုကျော်နိုင်ဌေး၊ ကိုမြတ်စိုးဝင်း၊ ကိုကောင်းထွန်းတို့ လေးဦးဟာ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ဘေးကြောင့် အရပ်သားတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေနဲ့ ပတ်သက်လို့ အစိုးရနဲ့ စစ်တပ်ကို ဝေဖန်ထောက်ပြတဲ့ ဆိုင်းဘုတ်တွေကိုင်ပြီး စစ်တွေမြို့မှာ လမ်းလျှောက်ဆန္ဒပြတောင်းဆိုတာကြောင့် ၅၀၅ (ခ) နဲ့ ရဲတပ်ဖွဲ့က စစ်တွေမြို့နယ် တရားရုံးမှာ အောက်တိုဘာလ ၂၀ ရက်နေ့ က တရားစွဲဆို ခံခဲ့ရတာ ဖြစ်ပါတယ်။

ကျောင်းသားတွေကို စွဲဆိုထားတာ ပုဒ်မတွေကို ရုပ်သိမ်းပေးဖို့နဲ့ နိုင်ငံရေးအကျဉ်းသားတွေအားလုံးကို လွှတ်ပေးဖို့လည်း BHRN က တိုက်တွန်းလိုက်ပါတယ်။

BHRN ရဲ့ တောင်းဆိုချက်ကို လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ ညီမျှခြင်းမြန်မာရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းက ထောက်ခံပါတယ်။

"လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်က အစိုးရကို ဝေဖန်ခွင့်လည်းပါပါတယ်၊ ကိုယ်အစိုးရကို ဝေဖန်လို့ဆိုတဲ့ ပုံစံမျိုးနဲ့ ဥပဒေတွေကို ထုတ်ပြန်ပြီးတော့ လိုသလိုအရေးယူတာတွေက ရပ်တန့်သင့်ပါတယ်၊ ဒီလိုမျိုးကိစ္စတွေ ရှိနေခြင်းကိုယ်တိုင်က ဒီမိုကရေစီနဲ့လူ့အခွင့်ရေးကို လုပ်ဆောင်မယ်ဆိုတဲ့ ပါတီရဲ့ပေါ်လစီတွေ၊ အစိုးရ ရည်မှန်းချက်တွေနဲ့ တိုက်ရိုက်ကို လုံးဝဆန့်ကျင်ဘက်ဖြစ်နေတဲ့အတွက် ဖမ်းဆီးခံရတဲ့ ရခိုင်ဒေသက ကျောင်းသားတွေမကဘဲနဲ့ လွတ်လပ်စွာထုတ်ဖော်ခွင့်ကို ကျင့်သုံးပြီးတော့ အမှုရင်ဆိုင်နေရတဲ့သူတွေ၊ စီရင်ချက်ချပြီးတော့ အပြစ်ပေးအရေးယူခံရသူတွေကို ခြွင်းချက်မရှိ ပြန်လည်ရုပ်သိမ်းဖို့လိုသလို နောင်လာမယ့် အစိုးရကာလအတွင်းမှာ ဖိနှိပ်တဲ့ ဥပဒေတွေအားလုံးကို ပြန်လည်သုံးသပ်ပြီးတော့ ပြောင်းသင့်တာ ပြင်သင့်တာတွေလုပ်ဖို့ အထူးတိုက်တွန်းလိုပါတယ်။"

လက်ရှိ NLD အစိုးရ လက်ထက်မှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် ဖိနှိပ်မှုတာတွေရှိခဲ့တယ်လို့ နိုင်ငံတကာက ဝေဖန်မှုတွေရှိခဲ့ပါတယ်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ၊ ဦးဆောင်ကော်မတီဝင် ကိုခိုင်စိုးလင်းက လူ့အခွင့်ရေးအဖွဲ့တွေက အခုလို ကျောင်းသားတွေဘက်က ရပ်တည်ပေးတာကို ကြိုဆိုတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံရဲ့အစိုးရအနေနဲ့ လွပ်လပ်စွာထုတ်ဖော်ပြောဆိုတဲ့ ကျောင်းသားတွေကို အခုလိုမတရားတဲ့ ဥပဒေပုဒ်မတွေတပ်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းတာတွေနဲ့ ပတ်သက်ပြီတော့ ဒီလိုမျိုး လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေက ထုတ်ပြန်ချက်တွေ တက်လာတာကိုတော့ ကျွန်တော်တို့ အမြဲတွေ့ရပါတယ်။ အဲဒီလို မြန်မာနိုင်ငံ အစိုးရရဲ့လွဲမှားမှုတွေပေါ့။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်တဲ့လွဲမှားမှုတွေ။ အဲဒီလို လွဲမှားမှုတွေ ကို လူ့အခွင့်အရေး အဖွဲ့အစည်းတွေအနေနဲ့ ဒီလိုထောက်ပြဝေဖန်တာကို ကျနော်တို့ကြိုဆိုပါတယ်။ ကျွန်တော်တို့ကျောင်းသားတွေ မတရားဖမ်းဆီးခံနေရတာတွေကိုလွှတ်ပေးဖို့ အဖွဲ့အစည်းတွေအနေနဲ့ ကျွန်တော်တို့ဘက်က ရပ်တည်ပေးတဲ့အတွက်၊ နိုင်ငံတော်အစိုးရရဲ့ အမှားအယွင်းတွေကို ထောက်ပြဝေဖန် ပေးတဲ့အတွက် ကျွန်တော်အနေနဲ့ ဝမ်းသာပါတယ်။"

ရခိုင်ပြည်နယ်က ကျောင်းသားလေးဦးအပြင် မြန်မာတစ်နိုင်ငံလုံးမှာ စစ်ဆန့်ကျင်ရေးလှုပ်ရှားခဲ့လို့ ဖမ်းဆီး ခံထားရတဲ့ ကျောင်းသား ၁၅ ယောက်ရှိတယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။

သူတို့တွေဟာ နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ၊ ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မတွေနဲ့ အရေးယူခံထားရတာဖြစ်ပြီး မိတ္ထီလာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ မုံရွာခရိုင် ကျောင်းသားများသမဂ္ဂ၊ ရတနာပုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ အပါအဝင် မြန်မာနိုင်ငံမှာရှိတဲ့ ကျောင်သားသမဂ္ဂ(၇)ခုက အဖွဲ့ဝင်တွေ ဖြစ်ပါတယ်။

NLD အစိုးရက ဝေဖန်ထောက်ပြဖို့ ပြောဆိုလေ့ရှိပေမယ့် လက်တွေ့မှာတော့ ထောက်ပြခဲ့တဲ့ ကျောင်းသားတွေကို အရေးယူခဲ့တာသာရှိတယ်လို့ ရခိုင်ပြည်ကျောင်းသားသမဂ္ဂအဖွဲ့က ကိုတိုးတိုးအောင်က ပြောပါတယ်။

"အစိုးရကိုဝေဖန်ပါ။ ထောက်ပြပါဆိုပြီးတော့ ပြောတယ်။ ကျွန်တော်တို့က ဝေဖန်တယ်။ ထောက်ပြတယ်။ လက်ရှိမြေပြင်မှာ အခြေအနေကို အစိုးရသိဖို့ ပြောဆိုတာဖြစ်တယ်။ ဒီအပေါ်မှာ သူတို့အနေနဲ့ ထောက်ပြပါ ပြောပြီးတော့မှ ကျွန်တော်တို့က သွားထောက်ပြတဲ့အခါကျတော့ မအပ်စပ်တဲ့ ဥပဒေတွေဖြစ်တဲ့ ၅၀၅(က)၊ ၅၀၅(ခ)တို့ နိုင်ငံတော်အကြည်အညိုပျက်စေမှုဥပဒေပုဒ်မနဲ့ စွဲတယ်ပေါ့နော်။ ဒါက တကယ်ဖြစ်သင့်လား ဆိုတာ သူတို့အနေနဲ့ စဉ်းစားဖို့လည်းလိုတယ်။ စဉ်းစားဖို့တောင် အချိန်ကကုန်သွားပြီးပေါ့နော်။ ဒီပုဒ်မနဲ့ ထောင်ချခံလိုက်ရတဲ့ မန္တလေးက ကျွန်တော်တို့ ရဲဖော်တွေ အများကြီးတယ်ပေါ့နော်။"

လက်တွေ့ဖြစ်နေတဲ့ အရာတွေကို တင်ပြတောင်းဆိုတာကို ပုဒ်မ ၅၀၅နဲ့ တရားစွဲတာဟာ မဖြစ်သင့်ဘူးလို့  ကျောင်းသားတွေရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင် ကယူဆပါတယ်။

“အဲဒီကျောင်းသားတွေက အမှန်တကယ် လက်တွေ့မှာဖြစ်ပေါ်နေတဲ့ အကြောင်းအရာတွေကို သူတို့တင်ပြ တယ်။ တောင်းဆိုတယ်။ ဆိုင်းဘုတ်တွေ၊ ပိုစတာတွေကိုင်ပြီး တောင်းဆိုတယ်။ လက်ကိုင်စပီကာတွေ ကိုင်ပြီးပြောတယ်။ ဒါဟာ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးကို တောင်းဆိုတာဖြစ်တယ်။ ကျွန်တော်တို့ ငြိမ်းစုစီ ဥပဒေပုဒ်မအရ ပြောမယ်ဆိုလို့ရှိရင်တော့ ဆန္ဒဖော်ထုတ်မယ်ဆိုလို့ရှိရင် ခွင့်ပြုချက်ယူရမယ်ပေါ့။ ခွင့်ပြုချက်မယူလို့ရှိရင် ဥပဒေအရ အရေးယူခံရမယ်လို့ ပြဌာန်းထားတယ်။ အဲဒီဥပဒေနဲ့ သွားငြိတယ်။ ကျနော်ကတော့ အဲဒီလိုပဲမြင်တယ်။ ငြိမ်းစုစီနဲ့ ငြိတယ်လို့ ၅၀၅ နဲ့တော့ သိပ်သဟဇာတမကျဘူးလို့ အဲဒီလို သုံးသပ်ပါတယ်။”

နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကို ကျောင်းသားတွေကို တရားစွဲဆိုထားတာတွေကို ပြန်လည်ရုပ်သိမ်းနိုင်ခြေရှိ၊ မရှိ RFA က သမ္မတအိမ်တော် သတင်းထောက်များ အွန်လိုင်း စာမျက်နှာကနေတဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

NLD ပါတီ ဗဟိုပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး မုံရွာ အောင်ရှင်က ပြည်ထဲရေးရဲ့ ဆောင်ရွက်ချက်တွေကို အစိုးရက တာဝန်ယူရတဲ့ အခြေအနေဖြစ်နေတယ်လို့ သူတစ်ဦးထဲရဲ့ အမြင်ကို မှတ်ချက်ပေးပါတယ်။

"အစိုးရကတော့ တာဝန်ယူရတာပေါ့၊ ဖမ်းတာဆီးတဲ့အပေါ်မှာ၊ တရားစွဲတာ ဖမ်းတာစီးတာက တကယ်တမ်း ကျတော့ အစိုးရမဟုတ်ဘူးဗျ၊ ပြည်ထဲရေးက လုပ်နေတာ၊ ပြည်ထဲရေးက ဘယ်သူလက်အောက်မှာရှိလည်း ဆိုတာကလည်း အားလုံးသိတဲ့အတိုင်းဘဲ၊ အဲကြားထဲမှာ အစိုးရက တာဝန်ခံနေရတဲ့သဘောရှိတယ်၊ ဒီကိစ္စက အလွယ်တကူနဲ့တော့ လုပ်လို့မရဘူး၊ အခု အစိုးရ ဒုတိယသက်တမ်းမှာကျရင်တော့ ကျနော်တို့ကဒါကို ပြင်ဆင်ပြောင်းလဲပြီးတော့ ဒီလို့အမှုမျိုး ဒီလိုပုဒ်မမျိုးတွေ မတပ်နိုင်အောင် ကြိုးစားရမှာဖြစ်ပါတယ်။"

BHRN တောင်းဆိုချက်နဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် လုံခြုံရေးနဲ့နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်း၊ ပြည်ထဲရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ညွှန်ကြားရေးမှူးချုပ် ဦးခိုင်ထွန်းဦး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး ကျော်သီဟ တို့ကို RFA က ဆက်သွယ်ပေမယ့် ဖုန်းလက်ခံဖြေကြားတာ မရှိပါဘူး။

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ဇော်မင်းထွန်းကိုလည်း RFA က ဆက်သွယ်ပေမယ့် ဖုန်းမကိုင်ပါဘူး။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရသက်တမ်း လေးနှစ်တာကာလအတွင်း လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ကို ချိုးဖောက်ပြီး ဥပဒေ၊ ပုဒ်မအမျိုးမျိုးနဲ့ တရားစွဲတဲ့အမှုပေါင်း ၅၀၀ ကျော်၊ တရားစွဲခံရသူ ၁၀၀၀ ကျော်ရှိပါတယ်။

အစိုးရက တရားစွဲဆိုတာ အများဆုံးဖြစ်တယ်လို့ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် လှုပ်ရှားမှုအဖွဲ့ အသံက ဇူလိုင်လ ၁၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Crd RFA