အမေရိကန် လွှတ်တော် ဝင်ရောက်စီးနင်းမှု ကုလသမဂ္ဂ ပြစ်တင်ရှုတ်ချ

09-Jan-2021

အမေရိကန်လွှတ်တော်တွင်း ဗုဒ္ဓဟူးနေ့ အတင်းဝင်ရောက်စီးနင်းမှုဟာ ဒီမိုကရေစီရေး လွတ်လပ်မှုကို စော်ကားတာ ဖြစ်တဲ့ အတွက် ရှုတ်ချကြောင်းနဲ့ ဒီဖြစ်ရပ်အတွက် သေသေချာချာ စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂလူ့အခွင့်ရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က တောင်းဆိုလိုက်ပါတယ်။

အခု ဖြစ်ရပ်ဟာ နိုင်ငံရေးခေါင်းဆောင်တွေ ကိုယ်လိုရာဆွဲပြီး မမှန်မကန်ပြောဆိုမှုတွေကနေ ပေါ်ပေါက်လာတဲ့ အမုန်းတရားနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ကြောင်း လည်း အပြစ်တင်လိုက်ပါတယ်။ အမေရိကန်ရွေးကောက်ပွဲမှာ မဲမသမာမှုရှိတယ်လို့ စွပ်စွဲတာဟာ အမေရိကန်နိုင်ငံရေးလုပ်ငန်းစဉ် အားလျော့အောင် ကြိုးစားမှု တခု ဖြစ်ကြောင်းနဲ့ သူတို့ရဲ့ ကြိုးစားမှု မအောင်မြင်တာအတွက် ဝမ်းမြောက်ရပေမယ့် ဒါဟာ ဒီမိုကရေစီလုပ်ငန်းစဉ်အတွက် အနှောက်ယှက်ဖြစ်ကြောင်းလည်း မဟာမင်းကြီးရုံး ပြောခွင့်ရ Ravina Shamdasani ကပြောပါတယ်။

“အမေရိကန်သမ္မတ အပါအဝင် နိုင်ငံရေးအသိုင်းဝိုင်းက ခေါင်းဆောင်တွေ အနေနဲ့ မမှန်ကန်တဲ့ အန္တရာယ်ကြီးတဲ့ ပြောဆိုမှုတွေကို ရှောင်ကျဉ်ဖို့နဲ့ သူတို့ကို ထောက်ခံသူတွေကိုလည်း ဒါမျိုး မလုပ်အောင်ပြောကြဖို့ တောင်းဆိုကြောင်း” ပြောသွားတာပါ။

ဒါ့အပြင် သတင်းမီဒီယာသမားတွေအဖို့ ပြင်းထန်တဲ့ ခြိမ်းခြောက်မှုတွေနဲ့ သူတို့ပိုင်ဆိုင်မှု အဖျက်ဆီးခံရတာတွေ ရှိနေတယ်ဆိုတဲ့ တုန်လှုပ်စရာ သတင်းတွေကြားနေရကြောင်းနဲ့ တကယ်တော့ သတင်းလွတ်လပ်ခွင့်ဟာ ဒီမိုကရေစီအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာဖြစ်ပြီး သတင်းမီဒီယာနဲ့သတင်းသမားတွေကို တိုက်ခိုက်မှုဟာ အားလုံးကို စော်ကားမှု ဖြစ်ကြောင်းလည်း ပြောပါတယ်။

လွှတ်တော်ကို ဝင်ရောက်စီးနင်းသူတချို့ဟာ လူမျိုးရေးခွဲခြားမှု ရှိကြောင်းပြသတဲ့ အလံတွေကိုင်ဆောင်တာ စာတမ်းပါ အဝတ်အစားတွေဝတ်ဆင်ပြီး ပေါ်ပေါ်တင်တင် ပြသခဲ့ကြတာ တွေ့ရတဲ့ အတွက် ဒါကို ကော်မရှင်နာမင်းကြီး Bachelet က ရှုတ်ချကြောင်းနဲ့ နိုင်ငံရေး ခေါင်းဆောင်တွေလည်း အလားတူ ရှုတ်ချကြဖို့ပါ တောင်းဆိုကြောင်းလည်း Shamdasani ကပြောပါတယ်။ ဒါ့အပြင် ရဲတဦးနဲ့ နောက် ၄ ဦးသေဆုံးရမှုအတွက် သေသေချာချာ စုံစမ်းစစ်ဆေးရမှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

VOA News