NLD ဒေသခံခေါင်းဆောင် နိုင်ငံတော် အကြည်ညို ပျက်စေမှုနဲ့ အဖမ်းခံထားရ

04-Dec-2020

စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ် ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဆန်းဝင်းရဲ့ တိုင်ကြားချက်ကြောင့် မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းထွဋ် နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ)နဲ့ မနေ့က ဖမ်းဆီးခံ လိုက်ရပါတယ်။

ကိုယ်ပိုင်လူမှုကွန်ယက် ဖေ့ဘွတ်လူမှုကွန်ယက်မှာ အများပြည်သူ အထိတ်တလန့်ဖြစ်အောင် ရေးသားခဲ့တယ်ဆိုပြီး စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ဥပဒေ အထောက်အကူပြုအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်မင်းထွဋ်ကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ မနေ့က ဖမ်းဆီးလိုက်တာ ဖြစ်ပါတယ်။

မင်းကင်းမြို့နယ် ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် တရားလိုပြုလုပ် တရားစွဲဆိုထားတာ ဖြစ်တယ်လို့ မင်းကင်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းဗိုလ်က ပြောပါတယ်။

"နိုဝင်ဘာလ ၃ ရက်နေ့မှာ ပြန်ပြီတော့မှာ facebook မှာတင်လိုက်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပြည်သူတွေ အထိတ်တလန့် ဖြစ်တယ်ဆိုပြီး တိုင်းဒေသကြီးအမှတ် ၂ လွှတ်တော်ကိုယ်စားလှယ် ပြည်ခိုင်ဖြိုးက ဒေါက်တာ ဆန်းဝင်းက ကျနော်တို့ဆီကို တိုင်တယ် တိုင်တော့ကျနော်တို့က ဒီအပေါ်မှာ ဥပဒေ အကြံဉာဏ်တောင်းတယ် ဥပဒေ အကြံဉာဏ်ကလည်း ဒါသက်သေ ခိုင်မာလို့ ရှိရင် အထောက်အထား ပြည့်စုံလို့ရှိရင်ကျတော့ ၅၀၅(ခ)နဲ့ တရားစွဲဆို သင့်တယ်ဆိုပြီးတော့ အကြောင်းပြန်တယ် အကြောင်းပြန်တော့ ကျနော်တို့က အဆင့်ဆင့် လမ်းညွှန်မှုခံတယ် တိုင်းအစိုးကလည်း ၅၀၅(ခ)နဲ့ တရားစွဲဆိုတဲ့အခါမှာ ခွင့်ပြုတယ်ဆိုတဲ့ ခွင့်ပြုချက်ရတယ် ဒီဇင်ဘာလ ၂ ရက်နေ့ မှာ ၂ မှုကျတယ်ပေါ့နော် ၂ မှုမှာ ဦးကျော်မင်းထွဋ်တိုင်တာ ၁ မှု ဒေါက်တာဆန်းဝင်း တိုင်တာက ၁ မှု ၂ မှုကျတယ် ၃ ရက်နေ့မှာ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးက ခေါင်းဆောင်ပြီး တရားစွဲခဲ့တယ် တရားလိုလုပ်ပြီး တော့လေ။"

ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလမှာ ကြံခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေက အသံချဲ့စက်တွေနဲ့ မဲဆွယ်စည်းရုံးရေး လုပ်ခဲ့စဉ်မှာ အစိုးရကို ပုတ်ခတ်ပြောဆိုတာတွေ ရှိတယ်ဆိုပြီး NLD ပါတီဘက်က ကြံခိုင်ဖွံ့ဖြိုးရေး ပါတီဝင် ၁၉ ဦးခန့်ကို တရားစွဲခဲ့တာဖြစ်ပါတယ်။

သူတို့တွေ ရုံးထုတ်စစ်ဆေးချိန်မှာ အမျိုးသားရေးသမားတွေ ဝန်းရံပေးကြဖို့ မင်းကင်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မြင့်ရဲ့ လူမှုကွန်ယက်မှာ တင်ခဲ့ပါတယ်။

ဦးကျော်မင်းထွဋ်က လူစုလူဝေးဖြစ်ပြီး အကြမ်းဖက်မှု ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေ အပြင်မထွက်ပဲ တံခါးပိတ်နေကြပါဆိုပြီး အောက်တိုဘာ ၂၅ ရက်နေ့က သူ့ရဲ့ဖေ့ဘွတ်မှာ ပြန်လည် ရေးသားခဲ့ပါတယ်။

ဒီလို ရေးသားခဲ့တာကြောင့် နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ တရားစွဲခံခဲ့ရတာ ဖြစ်ပါတယ်။

ဦးကျော်မင်းထွဋ်ကို အချုပ်လွတ်ထုချေခွင့် ရနိုင်ရေးအတွက် ကြိုးစားနေပြီး ကြံခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ တရားစွဲဆိုချက်ဟာ ဖြစ်စဉ်နဲ့ စွဲတဲ့ပုဒ်မ ကွဲလွဲနေတယ်လို့ စစ်ကိုင်းတိုင်း NLD တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ဆန်းက ပြောပါတယ်။

"ကျနော်တို့သိတာကတော့ ဖြစ်စဉ်နဲ့ သူတို့စွဲဆိုတဲ့ပုဒ်မနဲ့ ကွဲလွဲနေတယ်လို့တော့ ကျနော်တို့ နားလည်တယ် ခွင့်ပြုချက် ပေးတာကလည်း တိုင်းအစိုးရက"ပေးတယ်လို့ကြားတယ် အဲဒီအပေါ်မှာ တရားသူကြီးက ချုပ်ခွင့် သူက ပေးလိုက်တာကိုး စွဲဖို့ခွင့်ပြုလိုက်တာကိုး ဘာပဲဖြစ်ဖြစ် ဥပဒေကနေ ဆောင်ရွက်တဲ့အပေါ်မှာ ကျနော်တို့ ဒီဟာပေါ်မှာ ဘာကြောင့်ဆိုတာကို ကျနော်တို့ နားမလည်တာပဲ ရှိတယ် ကျနော်တို့ ဘာမှပြောလို့မရဘူး အချုပ်လွတ် ထုခြေခွင့် ရနိုင်ရေးအတွက်ကို ကျနော်တို့ နည်းလမ်းရှာနေတယ်ပေါ့ဗျာ ဘယ်လိုများရနိုင်မလဲ ဆိုတာကတော့ ကျနော်တို့ အဖြေရှာနေပါတယ်။"

ဦးကျော်မင်းထွဋ်က တိုင်းကြားတဲ့အတွက် ကြံခိုင်ဖွံ့ဖြိုးရေးပါတီဝင် အမြောက်အမြား တရားစွဲဆိုခံထားရပြီး ပါတီဝင်တွေ အနေနဲ့ ကြောက်ရွံ့ပြီး ပါတီကို မဝန်းရံအောင် လုပ်လိုက်တာဖြစ်တဲ့အတွက် ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့တာ ဖြစ်တယ်လို့ အထွေထွေအုပ်ချုပ်ရေးကို တိုင်ကြားခဲ့တဲ့ မင်းကင်းမြို့နယ် ကြံခိုင်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောပါတယ်။

"ကျနော်တို့လူတွေကို သူတို့ ၅၀၅(ခ)နဲ့ စွဲလိုက်တဲ့ အမှုပေါ့ ၁၂ မှု လူက ၁၉ ယောက်ပေါ့နော် အဲဒီ ၁၉ ယောက်ကလည်း မဲဆွယ်စည်းရုံးရေးကာလကြီးမှာ စွဲလိုက်တာဗျ စွဲလိုက်တာအခါကျတော့ ကျနော်တို့ လူတွေက ကြောက်သွားတာပေါ့နော် ဒီမှာဖေ့ဘွတ်လည်း ကြည့်လို့မရဘူး လိုင်းပေါ်မှာရှိနေတဲ့ သူ့ရဲ့ လိုက်ဖ်လွှင့်ထားတဲ့ ဟာတွေလည်း ဖတ်ကြည့်လို့မရတော့ဘူး ငါတို့ပါတီဘာလုပ်မလဲဆိုတော့ အကြောက်တရားတွေ ဖြစ်သွားတာပေါ့ ဒီအကြောက်တရားကလည်း ကျနော်တို့ပါတီ မဲရှုံးရခြင်းရဲ့ အဓိကအကြောင်းအရာလို့ ကျနော်က သုံးသပ်ချင်တယ် အခုလည်း ကျနော်တို့ထင်ပါတယ် မင်းကင်းမြို့နယ်ဟာ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရဲ့ တကယ့် ပါတီအမာခံနယ်မြေကြီး ကျနော်တို့လည်း ရှုံးမယ်လို့ ထင်မထားဘူးပေါ့ သို့သော်လည်း အခုလိုမျိုး ကျနော်တို့ မျှော်လင့်မထားတဲ့ ရလဒ်တစ်ခုနဲ့ ရှုံးသွားတယ် ဒီလိုရှုံးတာဟာ ကျနော်တို့အတွက် တရားမျှတမှု မရှိဘူးလို့ ကျနော်ကတော့ သုံးသပ်ချင်တာပေါ့နော်။"

မင်းကင်းမြို့နယ် မဲဆန္ဒနယ်မြေဟာ ကြံခိုင်ဖွံ့ဖြိုးရေးပါတီက ရွေးကောက်ပွဲတိုင်း အနိုင်ရရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ တော့ NLD ပါတီက ကိုယ်စားလှယ်နေရာအားလုံး အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။

ဦးကျော်မင်းထွဋ်ကို မင်းကင်းမြို့မရဲစခန်းမှာ ထိန်းသိမ်းထားပြီး လာမယ့် ဒီဇင်ဘာ ၁၇ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးဖို့ ရှိပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအနေနဲ့လည်း ဥပဒေကြောင်းအရ ဖြေရှင်းနိုင်အောင် ဆောင်ရွက်နေတယ်လို့ NLD ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က ပြောပါတယ်။

"ရွေးကောက်ပွဲ ပတ်သက်လို့ကတော့ ပြည်သူအများစုကတော့ ဒါဟာလွတ်လပ်ပြီး တရားမျှတမှု ရှိတယ်ဆိုတာ လက်ခံကြပါတယ်။ သို့သော် အချို့ပါတီတွေက ဒီရွေးကောက်ပွဲ ရလဒ်ကို မကျေနပ်တဲ့အခါမှာ တစ်စုံတစ်ခုသော ချို့ယွင်းချက်များကို ရှာပြီးတော့ ဥပဒေကြောင်းအရ စိတ်ခေါ်လာတာပဲ ဖြစ်ပါတယ်။ ကျနော်တို့ကတော့ ဥပဒေကြောင်းအရပဲ ပြန်လည်ခုခံရပါမယ် တရားဥပဒေစိုးမိုးရေးကို ဦးစားပေးတဲ့ ပါတီဖြစ်တဲ့အတွက် ဥပဒေနဲ့ အညီအညွတ်ဖြစ်အောင် ကျနော်တို့ပြန်လည်ပြီးတော့ ဖြေရှင်းပါမယ် ပြည်သူကိုလည်း မေတ္တာရပ်ခံချင်ပါတယ် ဒီမိုကရေစီဟာ အင်မတန် လုပ်ရတာ ရှည်လျားတယ် ပိုပြီးတော့ အချိန်ယူတတ်တဲ့ သဘောတော့ ရှိပါတယ်။ သို့သော် ဘိတ်ဆုံးမှာတော့ အမှန်တရားဟာ ပေါ်ပေါက်လာမှာလို့ ကျနော်တို့ ပြောချင်ပါတယ် ခင်ဗျား။"

ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) ဟာ နိုင်ငံတော်အစိုးရဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကိုဖြစ်စေ ထိခိုက်အောင် တစ်စုံတစ်ယောက်က ကျူးလွန်ချင်လာအောင် ပြည်သူကို အထိတ်တလန့်ဖြစ်စေပြီး မဟုတ်မမှန်သတင်းကို ဖြန့်ဝေကြောင်း ပြစ်မှုထင်ရှားမယ်ဆိုရင် အမြင့်ဆုံးထောင်ဒဏ် ၂နှစ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရနိုင်ပါတယ်။

RFA Burmese

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။