နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌနှင့် ဂျပန် အထက်လွှတ်တော် အမတ်ဟောင်းအား လက်ခံတွေ့ဆုံ

19-Jan-2021

နေပြည်တော် ဇန်နဝါရီ ၁၈

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်သည် ဂျပန်နိုင်ငံ၊ ဂျပန်-မြန်မာအသင်းဥက္ကဋ္ဌနှင့် ဂျပန်အထက်လွှတ်တော်အမတ်ဟောင်း မစ္စတာ ဝါတာနာဘေး ဟိဒဲအို အား ယနေ့ မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။

တွေ့ဆုံစဉ် လာမည့်အစိုးရသစ်သက်တမ်းကာလအတွင်း မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုမြှင့်တင် ရေး၊ မြန်မာနိုင်ငံ၏ ပညာရေး၊ ကျန်းမာရေးကဏ္ဍများအပါအဝင် မြန်မာပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အကူအညီများ ဆက်လက်ပေးအပ်သွားရေး၊ နှစ်နိုင်ငံအကြား အကျိုးတူပူးပေါင်းဆောင်ရွက်မှု အထူးသဖြင့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုတိုးချဲ့သွားရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား၊ အထူးသဖြင့် မျိုးဆက်သစ်လူငယ်များအချင်းချင်း ထိတွေ့ဆက်ဆံမှုများ ပိုမိုမြှင့်တင်ဆောင်ရွက်ရေးကိစ္စများနှင့်ပတ်သက်၍ ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်း ဖလှယ်ခဲ့ကြသည်။

ဆွေးနွေးပွဲသို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ တက်ရောက်ခဲ့ကြသည်။

သတင်းစဉ်