တောင်ကိုရီးယားနိုင်ငံ၌ မောင်းသူမဲ့လေယာဉ်များဖြင့် ပါဆယ်ပို့ဆောင်သည့်စနစ် စမ်းသပ်အောင်မြင်

14-Nov-2020

ဆိုးလ်   နိုဝင်ဘာ  ၁၃

တောင်ကိုရီးယားနိုင်ငံ မြို့တော်ဆိုးလ်၌ မောင်းသူမဲ့ လေယာဉ်များဖြင့် ပါဆယ်များပို့ဆောင်သည့်စနစ်ကို စတင်စမ်းသပ်အောင်မြင်ခဲ့သည်။

၂၀၂၅ ခုနှစ်မတိုင်မီ လေကြောင်းမှ ပါဆယ်များဖြင့်ပို့ဆောင်ပေးသည့်စနစ်ကို    စီးပွားဖြစ်ဆောင်ရွက်ရန် အာဏာပိုင်များက ရည်ရွယ်ထားသည်။

ယာဉ်ကြောပိတ်ဆို့မှုများကို လျော့ကျလာစေရန် အဆိုပါပို့ဆောင်ရေးစနစ်ကို  အသုံးပြုခြင်းဖြစ်သည်။

တောင်ကိုရီးယားအစိုးရနှင့် ဆိုးလ်မြို့တော်အာဏာ ပိုင်များက မောင်းသူမဲ့လေယာဉ်သုံး ပါဆယ်ပို့ဆောင်ရေး စနစ်ကို ယနေ့စတင်စမ်းသပ်ခဲ့သည်။ တရုတ်အကျိုးတူ ဖက်စပ်ကုမ္ပဏီမှ ထုတ်လုပ်သည့် နေရာနှစ်နေရာပါသော မောင်းသူမဲ့လေယာဉ်တစ်စင်းသည် အမြင့် ၅၀ မီတာခန့်တွင် တစ်နာရီလျှင် ကီလိုမီတာ ၅၀ နှုန်းဖြင့် ၁၀ မိနစ်ကြာ လှည့်ပတ်ပျံသန်းခဲ့သည်။

တောင်ကိုရီးယား  Hyundai   Motor   ကုမ္ပဏီနှင့် အမေရိကန် Uber ကုမ္ပဏီတို့သည် ပါဆယ်ပို့ဆောင်ပေးမည့် မောင်းသူမဲ့လေယာဉ်များကို စမ်းသပ်ထုတ်လုပ်လျက်ရှိ ကြောင်း သိရသည်။

နိုင်ငံအတွင်းရှိကုမ္ပဏီများ၏ လေကြောင်းဆက်သွယ် မှုသုတေသနနှင့် လေကြောင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ အပေါ်   ကြိုးပမ်းလုပ်ဆောင်မှုများကို တောင်ကိုရီးယား အစိုးရက ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိသည်။

လေကြောင်းပို့ဆောင်ရေးစနစ်ကို တွင်ကျယ်စွာ အသုံးပြုမည်ဆိုပါက အသွားအလာထိန်းချုပ်မှုများ အပါအဝင် အခြားလိုအပ်သည့်စနစ်များကိုပါ အစိုးရအနေဖြင့် ထည့်သွင်းဆောင်ရွက်ရမည်ဖြစ်သည်။

ကိုးကား- အင်န်အိတ်ခ်ျကေ

 ဘာသာပြန်- အောင်ကျော်ကျော်