မြေပြင်သို့ကျရောက်လာသည့် ဆောင်းခို လင်းယုန်ငှက်ကို ထိန်းသိမ်းစောင့်ရှောက်ထား

18-Nov-2020

နေပြည်တော် နိုဝင်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ်တွင် မြေပြင်သို့ ကျရောက်လာသည့် လင်းယုန်ငှက်တစ်ကောင်ကို ဒေသခံတစ်ဦးက မြို့နယ် သစ်တောဦးစီးဌာနသို့ လာရောက်အပ်နှံသဖြင့် တာဝန်ရှိသူများက လင်းယုန်ငှက် လာရောက်အပ်နှံသည့်အတွက် ဂုဏ်ပြုချီးမြှင့် ငွေကျပ်ငါးသောင်းကို ပေးအပ် ချီးမြှင့်ကြောင်း သိရသည်။

သစ်တောဦးစီးဌာနဝန်ထမ်းများသည် လာရောက်အပ်နှံသည့် လင်းယုန်ငှက်ကို မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဆရာဝန်နှင့်ပြသ၍ ကျန်းမာရေး စစ်ဆေးခြင်း ဆောင်ရွက်ပေးပြီး လိုအပ်သည့် အစာရေစာ ကျွေးမွေးပြုစုထားကာ အင်အားပြည့်ဖြိုးလာသည့်အချိန်တွင် မူလပျံသန်း လမ်းကြောင်း အတိုင်း ဆက်လက်ပျံသန်းနိုင်ရေး လွှတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ လင်းယုန်မျိုးစိတ်မှာ Eastern Imperial Eagle (Aquila heliacal) ဖြစ်ပြီး ဥရောပ အရှေ့တောင်ပိုင်းဒေသ၊ အနောက်အာရှ နှင့် အလယ်အာရှဒေသ များတွင် အဓိက သားပေါက်ကာ ရွှေ့ပြောင်းပျံသန်းငှက်မျိုးစိတ်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်းတွင် ကောင်ရေကျဆင်းလျက်ရှိကာ IUCN သတ်မှတ်ချက်အရ မျိုးသုဉ်းအန္တရာယ်ကျရောက်နိုင်သော မျိုးစိတ်ဖြစ်ကြောင်း၊ ဆောင်းရာသီတွင် အာဖရိကအရှေ့မြောက်ပိုင်းဒေသ၊ အရှေ့အလယ်ပိုင်းဒေသ၊ အရှေ့အာရှနှင့် တောင်အာရှဒေသများသို့ ရွှေ့ပြောင်းပျံသန်း၍ ဆောင်းခိုလေ့ရှိပြီး မြန်မာနိုင်ငံသို့ လာရောက်မှုနည်းပါးကာ တစ်ခါတစ်ရံမှသာ တွေ့ရှိရသည့် မျိုးစိတ်တစ်မျိုး ဖြစ်ကြောင်း ကျွမ်းကျင်သူများထံမှ သိရသည်။

လင်းယုန်၊ ဟိမဝန္တာလင်းတ စသည့်အရွယ်ကြီးသည့်ဆောင်းခိုငှက်များသည် အချိန်ကာလကြာမြင့်စွာ ပျံသန်းလာရာတွင် အစာပြတ်လပ်ခြင်း သို့မဟုတ် အတောင်ညောင်းခြင်းကြောင့် မြေပြင်သို့ ကျရောက်လေ့ရှိပြီး အစာရေစာကောင်းမွန်စွာ စားသောက်ပြီး အားအင်ပြည့်ဖြိုးလာသည့်အချိန်တွင် မူလပျံသန်း မည့် လမ်းကြောင်းအတိုင်း ဆက်လက်ပျံသန်းလေ့ရှိသည်။

ယင်းငှက်မျိုးများ မြေပြင်သို့ ကျရောက်လာရာတွင် ဒေသခံများက ဖမ်းယူ ခြင်းများ ဖြစ်ပေါ်လျက်ရှိရာ ၎င်းဆောင်းခိုငှက်များကို အစာရေစာကျွေးမွေးစောင့်ရှောက်ပြီး အားအင်ပြည့်ဖြိုးသည့်အချိန်၌ မူလပျံသန်းမည့် လမ်းကြောင်း အတိုင်း ဆက်လက်ပျံသန်းနိုင်ရေး လိုအပ်သည့် ပြုစုစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ရေး သက်ဆိုင်ရာ ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနများသို့ သတင်းပေးပို့သွားရန် အသိပေးနှိုးဆော်ထားကြောင်း သိရသည်။

သတင်းစဉ်