ကိုဗစ်ထောက်ပံ့ကြေး အငြင်းပွားမှုနဲ့ ဆန္ဒပြမှုတွေ ဘယ်လိုဖြေရှင်းနေလဲ

21-Nov-2020

အစိုးရက ကိုဗစ်ကပ်ကာလအတွင်း စီးပွားရေးထိခိုက်မှုသက်သာစေရေးစီမံချက် CERP အရ ပုံမှန် ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို ထောက်ပံ့ကြေးပေးရာမှာ လေးကြိမ်မြောက်အဖြစ် Stay home မြို့တွေမှာ တစ်အိမ်ထောင် ကျပ်လေးသောင်းနှုန်း၊ ကျန်မြို့တွေကို ကျပ် ၂သောင်း နှုန်းပေးရာက အငြင်းပွားမှုနဲ့ ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၂၀ ရက်နေ့ မွန်းလွဲပိုင်းမှာ ကိုဗစ်ကာလ ထောက်ပံ့ကြေးပေးတဲ့ငွေတွေ မရရှိတဲ့အတွက် စစ်တွေမြို့ပေါ်က လူဦးရေအထူထပ်ဆုံးနေထိုင်လျက်တဲ့ မင်းဂံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးရှေ့မှာ လူစုလူဝေးဖြစ်ခဲ့ပြီး ထောက်ပံ့ကြေးတွေရရှိရေး ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။

အခုဆန္ဒပြခဲ့ကြတဲ့ လက်လုပ်လက်စား မိသားစုတွေက ထောက်ပံ့ကြေးတစ်ကြိမ်တစ်ခါမှ မရရှိကြသေးတဲ့ မိသားစုတွေ ဖြစ်ကြပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ကတော့ သူတို့ဟာ ကျူးကျော်နေထိုင်သူတွေဖြစ်တဲ့အတွက် စာရင်းထဲမှာ မပါဝင်တာကြောင့် ထောက်ပံ့ကြေးမရတာဖြစ်တယ်လို့ ပြောဆိုတာကြောင့် မရှိလို့ ကျူးကျော်မှာနေရတာ သူတို့ကိုထောက်ပံ့ကြေးတွေ ပိုပေးသင့်တယ်လို့ ဆန္ဒပြသူတွေက ပြောဆိုကြပါတယ်။

ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့ စုရုံးဆန္ဒပြတောင်းဆိုနေကြတဲ့အတွက် ရဲတပ်ဖွဲ့ ရောက်ရှိလာခဲ့ပြီး လုံခြုံရေး တိုးချဲ့ချထားပေးခဲ့ရပါတယ်။

မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာနလည်းရောက်ရှိလာခဲ့ပြီး ထောက်ပံ့ကြေးမရရှိတဲ့ မိသားစုတွေကို စာရင်းကောက်ယူမှုတွေ လုပ်ဆောင်ပေးနေတယ်လို့ သိရပါတယ်။

လေးကြိမ်မြောက် ထောက်ပံ့ကြေးစတင်ပေးတဲ့ ပြီးခဲ့တဲ့ သီတင်းပတ်တုန်းကလည်း ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကြံခင်းစုမှာ အမှန်တကယ်ရသင့်သူတွေ မရတဲ့အတွက် လူစုလူဝေးနဲ့ မကျေမနပ်တောင်းဆိုမှုတွေ ဖြစ်ခဲ့ပါသေးတယ်။

အဲဒီထောက်ပံ့ကြေးကို နွမ်းပါးပြီး အမှန်တကယ်ရသင့်သူ တွေမရလို့ဆိုကာ လူစုလူဝေးနဲ့ တောင်းဆိုတာ ၊ ဆန္ဒထုတ်ဖော်တာတွေရှိခဲ့ပြီးတဲ့နောက် ကျန်ခဲ့သူတွေကို တိုင်ကြားကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၆ ရက်နေ့မှာ ပြောခဲ့ပါတယ်။

ဒီအခြေအနေတွေကြောင့် တိုင်းနဲ့ပြည်နယ်အလိုက် ဆက်သွယ်တိုင်ကြားနိုင်မယ့် ဖုန်းနံပါတ်တွေကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံး ဝန်ကြီးဌာနရဲ့တရားဝင်စာမျက်နှာကနေ ထုတ်ပြန်ကြေညာခဲ့သလို ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ ကိုယ်တိုင်လည်း လူမှုကွန်ရက်ကို စတင်အသုံးပြုခဲ့ပြီး ပြည်သူတွေရဲ့အသံကို နားထောင်သွားမယ်လို့ ဆိုထားပါတယ်။

တိုင်ကြားမှုတွေစတင်နိုင်ပြီဆိုတဲ့ရက်ကတည်းက တိုင်ကြားမှုတွေဆက်တိုက်ဆိုသလို ရှိနေပြီး လူစုလူဝေးနဲ့ အငြင်းပွားမှုတွေ ဖြစ်ပေါ်ခဲ့တဲ့ လှိုင်သာယာမြို့နယ် အနောက်ပိုင်းအပိုင် ကုလားကြီးစုတစ်ခုထဲမှာပင် တိုင်ကြားမှုက ထောင်နဲ့ချီရှိတယ်လို့ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ဘီဘီစီကိုပြောပါတယ်။

အလားတူ အင်းစိန်မြို့နယ်မှာလည်း တိုင်ကြားသူ ရာနဲ့ချီရှိတယ်လို့ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဒုတိယဦးစီးမှူးဖြစ်သူ ဒေါ်ဇင်မာဦးက ဘီဘီစီကို ပြောပါတယ်။

တောင်ဒဂုံမြို့နယ်မှာလည်း တိုင်ကြားမှုတချို့ရှိနေပြီလို့ တောင်ဒဂုံ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူးဖြစ်သူ ဒေါ်သင်းသင်းအေးက ဘီဘီစီကို ပြောပါတယ်။

အခုတစ်ခေါက်ထောက်ပံ့ကြေးဟာ ငွေကြေးထောက်ပံ့တာဖြစ်ပေမဲ့ ဧရာဝတီတိုင်း အင်္ဂပူမြို့နယ် ထူးကြီးအပိုင် ဒေါ်ဖဲကွင်းအုပ်စုက ထောက်ပံ့ကြေးရသူအားလုံးမှာ ကျပ်ထောင်ဂဏန်း ဝန်းကျင်တန်ဖိုးရှိတဲ့ ဆန်ဆီပစ္စည်းကိုပဲ ရခဲ့တယ်လို့ ကိုဝင်းထိုက်က ဘီဘီစီကိုပြောပြပါတယ်။

ကိုဗစ်ထောက်ပံ့ကြေးကို ရသင့်လျက်နဲ့ ကျန်ခဲ့သူတွေ တိုင်ကြားပါက ပြန်ပံ့ပိုးမယ်လို့ အတိုင်ပင်ခံပုဂ္ဂိုလ် နိုဝင်ဘာ ၁၆ ရက်နေ့ကပြောကြားထားပါတယ်။

တိုင်ကြားလိုသူတွေအနေနဲ့ မြို့နယ်အလိုက် တယ်လီဖုန်းနဲ့ဆက်သွယ်တိုင်ကြားနိုင်သလို ရပ်/ကျေးရုံး တွေမှာ တိုင်ကြားစာပုံစံကိုဖြည့်စွက်ပြီး တိုင်ကြားနိုင်တယ်လို့လည်းသိရပါတယ်။

ဒီလိုတိုင်ကြားလွှာတွေကို မြို့နယ်အဆင့်၊ ရပ်ကျေးအဆင့်တွေနဲ့ ရပ်မိရပ်ဖ ဒေသခံတွေပါပါတဲ့ အဖွဲ့တွေနဲ့ ပြန်လည်စိစစ်ပြီး ထောက်ပံ့ပေးသွားဖို့ စီစဉ်နေတယ်လို့ လှိုင်သာယာမြို့နယ်အနောက်ပိုင်း မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးနေမင်းထွန်းက ပြောပါတယ်။

ပြည်ထောင်စုအစိုးရအဖွဲ့က ကိုဗစ်ကာလအတွင်း ပုံမှန်ဝင်ငွေမရှိတဲ့ပြည်သူတွေကို ပစ္စည်း ၅မျိုး တကြိမ်နဲ့ ငွေ ကျပ် ၂သောင်းစီ ၃ ကြိမ် အတွက် ကျပ်ငွေ ဘီလျံ ၄၀၀ ကျော်အသုံးပြုပြီး ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။

Crd BBC News