မြန်မာနိုင်ငံမှာ ကျောင်းတွေပြန်ဖွင့်ဖို့ ပြင်ဆင်နေပြီ

08-Jan-2021

မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါကြောင့် စာသင်နှစ် တစ် နှစ်လုံးနီးပါး ရပ်နားထားရတဲ့ ကျောင်းတွေကို ပြန်ဖွင့်နိုင်အောင် တာဝန်ရှိသူတွေ ပြင်ဆင်နေတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မအိမ့်သန္တာထွန်းက ပြောပြပါမယ်။

ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့နှစ်ကတည်းက ပိတ်ထားရတဲ့ အခြေခံပညာကျောင်းတွေကို ပြန်လည်ဖွင့်လှစ်နိုင်အောင် ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်တွေနဲ့အညီ ပြင်ဆင်ထားဖို့ အခြေခံပညာဦးစီးဌာနက စီစဉ်နေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ တကျော့ပြန် ကူးစက်မှုတွေ စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း အခြေခံပညာဦးစီးဌာနရဲ့ ညွှန်ကြားချက်အရ ကျန်းမာရေး စံသတ်မှတ်ချက်တွေနဲ့ ကိုက်ညီအောင် ဆောင်ရွက်ဖို့ ပြင်ဆင်နေတယ်လို့ ရခိုင်ပြည်နယ် ပညာရေးမှူး ဦးတင်သိန်းက ဗွီအိုအေကို ပြောပါတယ်။

“မနက်ဖြန်အစည်းအဝေး ခေါ်ထားတယ်။ အားလုံးကို (မြို့နယ်၊ ခရိုင် ပညာရေးမှူးတွေနဲ့ ကျောင်းအုပ်တွေကို) Zoom Meeting လုပ်ပြီး အားလုံးကို အသေးစိတ်စီစဉ်ပြီး နောက်တစ်ပတ်က စလုပ်မယ်။ ခု လာမယ်ပုံစံကို မပြောတတ်သေးဘူး။ အရင်တစ်ခေါက်ကတော့ အထက်တန်းကနေ စတယ်။ ခုကတော့ ဘယ်လိုလာမလဲ မသိသေးဘူး။ ကျောင်းတွေကိုပဲ ဖွင့်နိုင်အောင် အဆင်သင့်လုပ်ထားဆိုတော့ ကျောင်းတွေကိုပဲ အရင်ပြင်ဆင်ထားတာ။”

ကပ်ရောဂါကြောင့် အခြေခံပညာကျောင်းတွေကို ပြီးခဲ့တဲ့နှစ်ထဲ ပုံမှန်ကျောင်းဖွင့်ချိန်ထက် နောက်ကျဖွင့်ခဲ့ရပြီး ရောဂါကူးစက်မှုတွေ တကျော့ပြန် ပေါ်ပေါက်ခဲ့တာကြောင့် ကျောင်းတွေဖွင့်ပြီး ၁ လအကြာ သြဂုတ်လထဲမှာပဲ ပြန်ပိတ်ခဲ့ရတာပါ။ စာသင်နှစ်တနှစ်လုံးနီးပါး ပိတ်ထားခဲ့ရတဲ့ ကျောင်းတွေကိုတော့ တဆင့်ချင်း ပြန်ဖွင့်ပေးဖို့ စီစဉ်ထားတယ်လို့လည်း မွန်ပြည်နယ် ပညာရေးမှူး ဒေါက်တာချိုချိုမြတ်အောင်က ပြောပါတယ်။

“ကိုဗစ်ဗဟိုကော်မတီရဲ့ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေပေါ်မှာ ထည့်သွင်းသုံးသပ်ပြီးတော့ အကြောင်းချင်းရာ မျိုးစုံပေါ့နော်။ ဒီအပေါ်မှာသုံးသပ်ပြီးတော့ သူ့ရဲ့ ဆုံးဖြတ်ချက်အပေါ်မှာမူတည်တာ ဖြစ်တယ်။ ဖွင့်တဲ့ အခါကျလို့ရှိရင်လည်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကို တစ်ပြိုင်နက်တည်း၊ တစ်ခါတည်း မဖွင့်နိုင်သည့်တိုင်အောင်တောင်မှ အထက်တန်းပြီးရင် အလယ်တန်း ပြီးရင် မူလတန်းပေါ့ အဲ့ဒါကို အချိန်အများကြီး အကွာခြားကြီး မဖြစ်စေဘဲပေါ့နော်။ ဖွင့်လှစ်ခွင့်ရရင်တော့ အဲ့ဒီလိုပုံစံမျိုးနဲ့ ဖွင့်လှစ်သွားနိုင်ဖို့ ဆွေးနွေးထားတာကိုတော့ သိရပါတယ်ရှင့်။”

ပုဂ္ဂလိကကျောင်းတွေမှာလည်း ကျောင်းပြန်ဖွင့်ဖို့အတွက် ကျန်းမာရေးသတ်အတွက် စံသတ်မှတ် ချက်တွေနဲ့ ကိုက်ညီအောင် ပြင်ဆင်နေကြပါတယ်။ ပုဂ္ဂလိကကျောင်းတွေမှာ သင်ကြားမှုအတွက် ပြင်ဆင်ဆောင်ရွက်နေတာနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာဆရာမများအဖွဲ့ချုပ် ပုဂ္ဂလိက ပညာရေးကဏ္ဍအတွင်းရေးမှူး ဦးကျော်မင်းခန့်က ခုလိုပြောပါတယ်။

“အခုတော့ စပြီးတော့ ပြင်ဆင်နေပါပြီ။ ပြင်ဆင်တယ်ဆိုတာ သန့်ရှင်းရေးတွေ လုပ်နေပြီ။ နောက်ပြီးတော့ အရင်တုန်းက အချက် ၈၀ ပြဌာန်းထားတဲ့ ကျောင်းတွေက အချက် ၈၀ ကို ပြန်စစ်ဆေးနေပြီ။ ဒါပေမဲ့ တိတိကျကျ အစိုးရက ကျောင်းဖွင့်မယ့်ရက်ကို မထုတ်ပြန်သေးတဲ့အတွက်ကြောင့် ပြင်တော့ ပြင်နေရတယ်။ ဒါပေမဲ့ တိတိကျကျကြီးတော့ ပြင်းပြင်းထန်ထန် အားတက်သရောတော့ ပြင်ဆင်မှုအတွက်ကတော့ နည်းနည်း ဆော်သြရအုံးမယ်ထင်တယ်။ တိကျတဲ့ ကျောင်းဖွင့်ရက်တွေ ဘာတွေ စာထွက်လာပြီဆိုရင်တော့ သူတို့ သေချာအောင်ပြင်ဆင်လိမ့်မယ့်လို ကျနော်တို့ ယူဆပါတယ်။ အခုရက်ပိုင်းကတော့ ကြိုတင်ပြီးတော့ ကျောင်းသားတွေကို ပြန်စည်းရုံးတဲ့ အနေနဲ့ ကျောင်းတည်ထောင်တဲ့ သူတွေက အွန်လိုင်းနဲ့ ဆက်ပြီးတော့ စာလေးတွေ နွေးထားရအောင် သင်ထားရအောင်ဆိုပြီးတော့ စည်းရုံးပြီးတော့ သူတို့ကျောင်းသားကို သူတို့ ပြန်ပြီးတော့ Remind လုပ်နေတာမျိုးတွေကိုလည်း ကျနော်တို့ တွေ့နေရတယ်ပေါ့နော်။”

ကပ်ရောဂါကူးစက်မှုတွေကို ထိန်းချုပ်ဖို့ စာသင်ကျောင်းတွေကိုပါ ပိတ်ထားရတာကြောင့် ပညာရေး ထိခိုက်မှာကို နိုင်ငံတကာ အသိုင်းအဝန်းကလည်း စိုးရိမ်နေတာပါ။ ကုလသမဂ္ဂ ကလေးငယ်များ ရန်ပုံငွေအဖွဲ့ Unicef ကတော့ ကပ်ရောဂါကြောင့် စာသင်ကျောင်းတွေ ပိတ်ထားရတဲ့အတွက် ကမ္ဘာတဝန်း ကျောင်းနေအရွယ် ကလေးငယ် ၃ ပုံ ၁ ပုံနီးပါး ရှိနေကြောင်း ပြီးခဲ့တဲ့နှစ်ထဲမှာပဲ သတိပေးခဲ့တာပါ။ ကမ္ဘာတဝန်း စာသင်ခန်းနဲ့ ဝေးတဲ့ ကျောင်းသား သန်းပေါင်း ၁၅,၀၀၀ လောက်မှာ သန်း ၄၆၀ ကျော်ဟာလည်း အင်တာနက်၊ ဒါမှမဟုတ် တီဗွီနဲ့ ရေဒီယိုတွေကနေတဆင့် ပညာဆက်လက် သင်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးလို့လည်း Unicef က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

VOA News