ပြည်သူရဲ့အဆုံးအဖြတ်ကို ဘယ်အဖွဲ့အစည်းမဆို လိုက်နာရမယ်လို့ NLD ဒုဥက္ကဋ္ဌ ပြော

12-Nov-2020

အခုကျင်းပခဲ့တဲ့ ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ကို ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်ခင်ဗျာ ရွေးကောက်ပွဲရလာဒ် ဘယ်လိုရှိပါလဲခင်ဗျာ။

ဖြေ။ ။ တိတိကျကျကတော့ UEC က ထွက်မှ ပြောလို့ရမယ်ခင်ဗျ။ အခု ကျနော်တို့ ကောက်ထားတာအရ ၃၉၅ လောက်ရနေတယ်လို့ ပြောလို့ရတယ်။ ပြည်သူ့လွှတ်တော်မှာ ကျနော်တို့ ၃၁၅ မြို့နယ်ပြိုင်တာ ၂၅၈ နေရာလောက် နိုင်နေတယ်ပေါ့။ အမျိုးသားလွှတ်တော်ကျတော့ မဲဆန္ဒနယ် ၁၆၈ မှာ ကျနော်တို့က ၁၃၇ နေရာ လောက် အနိုင်ရတယ်ဆိုပြီး စာရင်းရတာပေါ့နော်။

မေး။ ။ UEC က ဘာကြောင့် နှောင့်နှေးနေတာလဲခင်ဗျ။

ဖြေ။ ။သူတို့က တိုင်း နဲ့ ပြည်နယ်ကပို့တာတွေကို တစ်ဦးချင်း အနိုင်စာရင်းတွေနဲ့ ဆန္ဒမဲအရေအတွက်တွေ ပြန်ပြီး စိစစ်နေတယ်လို့ ပြောပါတယ်။ သေချာအောင်လုပ်ရလို့ နဲနဲကြာနေတယ်လို့ ပြောပါတယ်။

မေး။ ။ အခုလို NLD အနိုင်ရတာ ဘာကြောင့်လို့ ပြောနိုင်မလဲခင်ဗျ။

ဖြေ။ ။ အဓိကက ပြည်သူတွေရဲ့ မျှော်လင့်ချက်လို့ခေါ်ရမလား ပြည်သူတွေရဲ့ ယုံကြည်မှုပဲပြောရမလား။ ပြည်သူတွေရဲ့ အိမ်မက်ပဲ ပြောရမလားမသိဘူး။ ပြည်သူတွေက ဒီမိုကရေစီကို နှစ်သက်တယ်ဆိုတာကတော့ ဒီပွဲမှာ ပြတ်ပြတ်သားသားပြလိုက်တာပေါ့ဗျာ။ ဘယ်စနစ်မှ မလိုချင်ဘူးပေါ့ဗျာ။ အာဏာရှင်စနစ်လည်း မလိုချင်ဘူး။ ဒီမိုကရေစီစနစ်ကိုပဲ ကြိုက်တယ်ဆိုတာပဲပေါ့။ ကျနော်တို့ မြန်မာနိုင်ငံမှာ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး ထူထောင်ဖို့ဆိုတာ သူတို့လည်း သဘောတူတယ်ဆိုတဲ့ အချက်ပေးတဲ့ခေါင်းလောင်းသံပဲလို့ ထင်တယ်။ ကျနော်တို့ မက်ဆေ့ချ်ကိုက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ထူထောင်ပါမယ်ပြောတယ်။ NLD က တိုင်းရင်းသားပါတီပါပဲဆိုတာ ကျနော်တို့ ပြောတယ်။ ကျနော်တို့က ဒီပြိုင်ပွဲဟာ အရေးကြီးတယ် မဲကွဲလို့မဖြစ်ဘူး။ ကျနော်တို့က ၇၅ % ပြိုင်ရတာကိုး ၂၅ % က အသင့်ထိုင်ထားတာ။ ပြည်သူတွေအားလုံးက ပုံအောပြီး ဒီတစ်ခေါက် မဲပေးလိုက်တာ။

မေး။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က တိုင်းရင်းသားတွေအတွက် သိပ်ပြီးဆောင်ရွက်တာမရှိဘူးဆိုတဲ့ အပြောအဆိုတွေရှိပါတယ်။ အဲဒီတော့ ဝန်ကြီးချုပ်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ အခုလာမယ့် သက်တမ်းအတွင်းမှာ တိုင်းရင်းသားပါတီတွေ တိုင်းရင်းသားတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုများဆောင်ရွက်ဖို့ မျှော်မှန်းပါသလဲခင်ဗျ။

ဖြေ။ ။ ကျနော်တို့ကတော့ တိုင်းရင်းသားနယ်မြေတွေမှာ အခု တိုင်းရင်းသားတွေနိုင်တာ ကြိုဆိုပါတယ်၊ NLD က။ ကျနော်တို့လည်း တိုင်းရင်းသားပါတီဆိုတာကို ကြွေးကြော်ပြီးသားပါ။ တူညီတဲ့ပန်းတိုင်သွားနေတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု သွားနေတဲ့သူတွေ ကျနော်တို့ လက်တွဲပါ့မယ်လို့လည်း နဂိုကပြောပြီးသားပါ။ တိုင်းရင်းသားတွေလိုချင်နေတဲ့ သူတို့ရဲ့လွတ်လပ်မှု၊ တရားမျှတမှု၊ ညီမျှမှုဆိုတာတွေလည်း အကောင်အထည်ဖော်ပေးဖို့ ကျနော်တို့မှာတာဝန်ရှိပါတယ်။ အဲဒီတော့ တူညီတဲ့ပန်းတိုင်သွားနေတဲ့ မဟာမိတ်တွေ အနေနဲ့ ကျနော်တို့က ဘာမှလက်မတွဲစရာ အကြောင်းမရှိပါဘူး။ ဒါတွေကတော့ အသေးစိတ်ညှိနှိုင်းရမယ့် ဟာတွေ ကျနော်တစ်ဦးတည်းသဘောနဲ့ ပြောလို့လည်း ဖြစ်တာမှမဟုတ်ပဲ။

မေး။ ။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ၂ဝ၁၅ ရွေးကောက်ပွဲ အောင်နိုင်ရေးကာလထဲမှာကိုက ပြောဆိုတာရှိပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖွဲ့စည်းပုံပြင်ဆင်ရေးကို လုပ်မယ်လို့ ပြောခဲ့ဖူးတာရှိပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် ဝန်ကြီးချုပ်တို့ ဘာများလုပ်ဆောင်ဖို့ရှိပါလဲခင်ဗျာ။

ဖြေ။ ။ ကျနော်တို့ လက်တွေ့လည်း ပြီးခဲ့တဲ့သက်တမ်းမှာ ကြိုးစားခဲ့ပြီးပြီပေါ့နော် မအောင်မြင်ခဲ့ဘူး။ ကျနော် တို့ရဲ့ ၂ဝ၂ဝ ရွေးကောက်ပွဲ ကြေညာစာတမ်းရဲ့ရည်ရွယ်ချက်ကိုက ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို သွားမယ့်အချိန်မှာ အဟန့်အတားဖြစ်စေတဲ့ သို့မဟုတ်ရင်လည်း လိုက်လျောညီထွေဖြစ်စေမယ့် အခြေခံဥပဒေ ရေးဆွဲရေးဆိုတာ ပါပြီးသားဖြစ်တဲ့အတွက် အဲဒါတော့ကြိုးစားမှာပါ။

မေး။ ။ရွေးကောက်ပွဲမတိုင်ခင် ကာလမှာပဲ တပ်မတော်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဦးဆောင်တဲ့အစိုးရ ကြားထဲမှာ အတော်လေး အပြန်အလှန်ပြောဆိုတာတွေ ဝေဖန်တာတွေရှိတယ်။ တပ်မတော်အပေါ် သဘောထားလည်း သိချင်ပါတယ်။

ဖြေ။ ။ ကျနော်တို့က ခေတ်မီတဲ့တပ်မတော်ကြီးဖြစ်စေချင်တယ်။ နဂိုကတည်းက ဒို့တာဝန်အရေး သုံးပါးဆိုတာ ကျနော်တို့ရင်ထဲမှာ ရှိပြီးသားအရာတွေပါပဲ။ တပ်မတော်အပေါ်မှာ ကျနော်တို့က ဘာမှ အပြန်အလှန် ပြန်ပြောနေတာတွေမရှိပါဘူး။ ကျနော်တို့ပြောတာက အခြေခံဥပဒေရဲ့ accent တွေနဲ့ မညီညွတ်တာလေး တစ်ခုပဲ ပြောတာပါ။ ကျန်တာက ကျနော်တို့ ရွေးကောက်ပွဲမှာ သန့်သန့်ရှင်းရှင်း ဝင်ပြိုင်တာပဲ။ ပြည်သူရဲ့အဆုံးအဖြတ် ကို ဘယ် Institution အဖွဲ့အစည်းမဆို လိုက်နာရမှာပဲ။ ရှုံးလည်း ရှုံးတယ်လို့ဝန်ခံရမှာပဲ။ နိုင်တဲ့အတွက်လည်း ကျနော်တို့ ဘာမှ မောက်မာစရာမရှိဘူး။ ခေတ်ဝန်ကိုထမ်းတဲ့အချိန်မှာ ကျနော်တို့ ရိုးရိုးသားသား စေတနာသန့်သန့်နဲ့ ပြည်သူလူထုအပေါ် လုပ်ကျွေးဖို့ အရေးကြီးပါတယ်။ ပြည်သူတွေကို ပြောချင်တာက ရွေးကောက်ပွဲမှာ မနက် ၄ နာရီကတည်းက တန်းစီရတယ်ကြားတယ်။ ကိုဗစ်ကာလမှာ ကိုဗစ်ကိုလည်း မကြောက်ဘဲ မဲလာပေးကြလို့ ကျနော်တို့နိုင်တာ။ ပြည်သူသာအဓိကဆိုတဲ့ ဆောင်ပုဒ်အတိုင်းပဲ ပြည်သူတွေ ရဲ့ကျေးဇူး ကျနော်တို့ပေါ်မှာ အများကြီးပဲ။ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီး ပေါ်ပေါက်အောင် ကျနော်တို့ ကုန်းရုန်းပြီး လုပ်ကြရတော့မှာ။ တစ်ချက်ပဲ မေတ္တာရပ်ခံချင်တာက အောင်ပွဲခံတာတွေ လူစုလူဝေးနဲ့ မလုပ်ကြပါနဲ့။ ဘာကြောင့်လဲဆိုတော့ ကိုဗစ်ကာလဖြစ်တယ်။ ကိုဗစ်ကိုလည်း ကျနော်တို့ တိုက်ရဦးမှာ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ပြောတယ်လေ၊ ရွေးကောက်ပွဲကြီးကိုတော့ ပြည်သူ့အားနဲ့ကျော်ဖြတ်ပြီးပြီ ကိုဗစ် 19 ကို လည်း ပြည်သူ့အားနဲ့ကျော်ဖြတ်ဖို့အတွက် လမ်းမပေါ်တက်ပြီး ကကြ ဆိုကြတာတွေ ရှောင်ပေးကြပါလို့။ ရွေးကောက်ပွဲလည်း အောင်မြင်စွာပြီးသွားပြီ၊ ပြတ်ပြတ်သားသားလည်း NLD နိုင်တယ် အောင်ပွဲခံတယ်ဆိုတာ အောင်ပွဲခံစရာအချိန်တွေ အများကြီးကျန်ပါသေးတယ်။ ဒါလေးကို သည်းညည်းခံကြပါလို့ ကျနော်မေတ္တာရပ်ခံ ချင်ပါတယ်။ ။

Crd RFA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။