မြန်မာအတွက် ကိုဗစ်ကာကွယ်ဆေး အလုံအလောက်ရနိုင်ဖွယ် မရှိသေး

06-Dec-2020

ကိုဗစ်ရောဂါ ဆက်အဖြစ်များနေတဲ့ မြန်မာနိုင်ငံမှာ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးက ကာကွယ်ဆေး မြန်မာနိုင်ငံကို အမြန်ဆုံးရောက်အောင် အစွမ်းကုန် ကြိုးစားနေပေမယ့် အချိန်တိုတွင်း လုံလောက်တဲ့ ခုခံနိုင်မှုရဖို့ ခက်နိုင်တာမို့ ကာကွယ်ရေးတွေ ဆက်လုပ်ကြဖို့ သတိပေးလိုက်ပါတယ်။

ဝန်ကြီး ဒေါက်တာမြင့်ထွေးအနေနဲ့ ဒီ COVID-19 ကာကွယ်ဆေးလုပ်ငန်း ပေါင်းစပ်ညှိနှိုင်း စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးမှာ ခုလိုပြောလိုက်တာဖြစ်ပြီး အကြောင်းက ကာကွယ်ဆေးလွှမ်းခြုံမှုဟာ ရမယ့်ဆေးပမာဏပေါ် မူတည်နေတာမို့ Herd Immunity ခေါ် လုံလောက်တဲ့ ခုခံကာကွယ်နိုင်မှုအားရဖို့ ခက်နိုင်လို့ပါလို့ ရှင်းပြပါတယ်။

မနေ့က နေပြည်တော်ကနေ အင်တာနက် ဗွီဒီယိုကတဆင့် လုပ်တဲ့ ဒီအစည်းအဝေးမှာ ဒေါက်တာမြင့်ထွေးကပဲ ဒီကာကွယ်ဆေး အမြန်ဆုံးရနိုင်ဖို့ လူဦးရေ ၂၀ ရာခိုင်နှုန်းအတွက် လှူဒါန်းမယ့် ကမ္ဘာ့ကာကွယ်ဆေးပူးပေါင်းအဖွဲ့ Gavi နဲ့ရော နောက်ထပ်ဖြည့်ဝယ်ဖို့ ကာကွယ်ဆေးထုတ် အမေရိကန်၊ ဗြိတိန်၊ တရုတ်နဲ့ အိန္ဒိယတို့က မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတွေနဲ့ပါ ဖုန်းနဲ့ တိုက်ရိုက်ပြောဆို ဆွေးနွေးနေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒေါက်တာမြင့်ထွေးက ဒီ နောက်ထပ်ဖြည့်ဝယ်ဖို့ လိုတဲ့ငွေအတွက်လည်း အစိုးရဘဏ္ဍာက ရမှာအပြင် ငွေချေးကူညီမယ့် ကမ္ဘာ့ဘဏ်နဲ့လည်း အသေးစိတ် ဆွေးနွေးခဲ့ပြီး ချိတ်ဆက်လုပ်ဆောင်နေတာမို့ အချိန်နဲ့တပြေးညီ ဒီကာကွယ်ဆေးတွေ ရောက်လာမှာပါလို့ ကတိပြုခဲ့ပါတယ်။

ခုလိုအချိန်မှာ မြန်မာနိုင်ငံမှာ မနေ့က ပိုးတွေ့သူသစ် ၁,၅၂၇ ဦးနဲ့ သေဆုံးသူ ၂၂ ဦး ထပ်တိုးခဲ့တာကြောင့် စုစုပေါင်း ပိုးတွေ့သူ ၉၈,၀၄၇ နဲ့ သေဆုံးသူပေါင်း ၂,၀၈၁ ဦး ရှိလာပြီလို့ ဒီဝန်ကြီးဌာန ည ၈ နာရီ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် တနေ့ သောကြာနေ့က ပိုးတွေ့သူစုစုပေါင်း ၁,၅၀၂ ဦးမှာ ထုံးစံအတိုင်း ပထမဆုံး အများဆုံးအဖြစ် ၈၀၄ ဦးတွေ့ခဲ့တဲ့ ရန်ကုန်တိုင်းပြီးရင် ရွေးကောက်ပွဲအပြီး ဆက်တိုက် ဒုတိယအများဆုံးအဖြစ် ၂၇၁ ဦးအထိ စံချိန်တင်တက်လာတဲ့ မန္တလေးတိုင်းမှာလည်း ကာကွယ်ရေးစည်းကမ်းတွေ ပိုတင်းကျပ်ပြီး ဒဏ်ရိုက်အရေးယူမှုတွေပါ စလုပ်နေပါပြီ။

VOA News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။