ကိုဗစ်လူနာတဦးအတွက် အောက်စီဂျင်ဖိုး တလ သိန်း ၁ဝဝ ကုန်ကျနေ

09-Dec-2020

ကိုဗစ် ၁၉ ဗိုင်းရပ်စ်ကူးစက်သူ လူနာတဦးကို ICU ခန်းမှာ အသက်ကယ်ဖို့အတွက် ကျပ်ငွေ သိန်းရာနဲ့ချီ ကုန်ကျနေသလို ကျန်းမာရေးဝန်ထမ်းတွေကလည်း အထူးပင်ပန်းနေကြပြီလို့ ဆရာဝန်ကြီးတဦးက ပြောပါတယ်။ ပြည်သူတွေ စည်းကမ်းလိုက်နာမှုနည်းပါးရင် ကူးစက်မှုတွေကို ကာကွယ်တားဆီးနိုင်မှာ မဟုတ်ဘူးလို့လည်း သူက သတိပေးလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်သူ ၁ သိန်းကျော်နေပြီ ဖြစ်ပါတယ်။ အဲဒီ ကိုဗစ်လူနာတဦးကို အထူးကြပ်မတ်ဆောင်မှာ အသက်ကယ်နိုင်ရေးအတွက် အောက်စီဂျင်ဖိုးတခုတည်း တလကို ကျပ်ငွေ သိန်း ၁ဝဝ ခန့်အထိ ကုန်ကျနေသလို ကျန်းမာရေးဝန်ထမ်းတွေလည်း အထူးပင်ပန်းနေကြပြီလို့ ပုသိမ်ဆေးရုံအုပ်ကြီး ဒေါက်တာ သန်းမင်းထွဋ် က ပြောပါတယ်။

“ကျနော်တို့ဆီမှာ ကိုဗစ်လူနာက လောလောဆယ် ၇ ယောက်လောက် ရှိတယ်။ ဒီညမှာ နောက်ထပ် ၁ ယောက်ရောက်လာဖို့ ရှိတယ်။ ကျနော်တို့က တချိန်လုံး စောင့်ကြည့်ရတယ်။ ဆရာမတွေဆိုရင်လည်း မော်နီတာကနေ မျက်လုံးမခွာရဲဘူး။ စောင့်ကြည့်နေရတာ။ မော်နီတာမှာ အောက်စီဂျင်ကျသွားတာနဲ့ ချက်ချင်း အရေးယူလုပ်ဖို့၊ အလုပ်သမားတွေကလည်း အောက်စီဂျင်ဖြည့်ဖို့ကို အမြဲစဉ်းစား လုပ်နေရတယ်။ ICU ထဲမှာ လူနာတယောက် အသက်ရှင်ဖို့ဆိုရင် အောက်စီဂျင်ဖိုးတင် တရက်ကို ၁ သိန်းခွဲလောက်ကုန်တယ်။ အဲဒီလူနာက တလလောက် တက်ရရင် ၄၅ သိန်းကုန်တာ။ ဒါတောင် ICU ထဲက သိပ်မဆိုးသေးတဲ့လူနာ။ အရမ်းဆိုးတဲ့ လူနာဆိုရင် အောင်စီဂျင်ဖိုးက တနေ့ကို ၃ သိန်း ၄ သိန်းတို့ ကုန်တာနဲ့ တလလောက်တက်ရင် သိန်း ၉ဝ - သိန်း ၁ဝဝ ကုန်တာ။ ဒီလူနာတွေကို အောက်စီဂျင်ဖိုး ကိုယ့်ဘာသာကိုယ်ရှာပါဆိုရင် ဘယ်သူမှရှာနိုင်မှာ မဟုတ်တော့ ကျနော်တို့ပဲ ဒီအလုပ်တွေ ဆက်လုပ်ရတာပေါ့။ လူနာတယောက် အသက်ရှင်ဖို့အတွက် ကျနော်တို့ Team မြောက်မြားစွာက လုပ်နေရတာ။ ညဆိုလည်း ကျနော်တို့၂ နာရီ ၃ နာရီအထိ မအိပ်ရဘူး။ မနက်ကို နိုးတာနဲ့ အလုပ်ဆက်လုပ်၊ အခုဆိုရင် ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေထဲက ကိုဗစ်-၁၉ positive ထိတာ ၅ဝ လောက်ရှိပြီ။ အချိန်ကလည်း ၉ လ လောက်ရောက်လာပြီ။ လမ်းပေါ်မှာ ထွက်ပြီး အလုပ်လုပ်တဲ့ ဆရာဝန်လေးတွေလည်း နေပူမိုးရွာ သူတို့ ပင်ပန်းနေကြပြီ။ နိုင်သလောက်တော့ ကျနော်တို့ လုပ်နေပါတယ်။ ဒါပေမယ့် ကျနော်တို့လုပ်နေတာ တခုတည်းနဲ့ မရဘူး။ ပြည်သူက စည်းကမ်းလိုက်နာမှု ကျနော်တို့နဲ့ ပူးပေါင်းပါဝင်မှ အောင်မြင်မှာ။ အခုက Mask တပ်ပါဆိုလည်း တချို့က မတပ်ဘူး။ စည်းကမ်းလည်း မလိုက်နာတော့ လုပ်ရတာ အတော်ခက်ခဲပါတယ်”

မန္တလေးမြို့မှာတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ကူးစက်သူများလာပြီးနောက် စည်းကမ်းတွေ တင်းတင်းကျပ်ကျပ် ထုတ်ပြန်ခဲ့ပါတယ်။

စီးပွားရေးလုပ်ငန်းရှင် ဦးအောင်မြင့်ထွန်းက .....

“အရင်ရက်တွေမှာ တချို့က လမ်းပေါ်မထွက်ပါနဲ့ဆိုတာကို မနေနိုင်ဘဲ ထွက်ကြတာ။ Mask တပ်ပါဆိုလည်း တချို့က မတပ်ခဲ့တာရှိတယ်။ အခုတော့ Semi- Lockdown ဆိုပြီး လမ်းတွေပိတ်ဆို့တယ်။ ရပ်ကွက်တွေမှာ ထိန်းချုပ်တယ်။ အပြင်သွားရင်စစ်ဆေးခံရတယ်၊ နယ်ကျော်ရင် ဒဏ်ငွေ ၅ ထောင် ရိုက်တယ်ဆိုတော့ အသွားအလာ နည်းသွားတာနဲ့အမျှ ကူးစက်မှုနှုန်း လျော့ကျသွားတယ်လို့ သိရတယ်။ သနားစရာကောင်းတာက လုပ်လက်လက်စားလေးတွေ၊ လက်သမား၊ ပန်းရံ၊ ဆေးသုတ်တဲ့လုပ်သားတွေ၊ နောက် ဈေးရောင်းရှာစားရတဲ့ ဈေးသည်တွေ ဆင်းရဲတော့ လက်ဆေးရမဲ့ဟာတွေ Mask ဝယ်တပ်ရမဲ့ဟာတွေ တယောက်နဲ့တယောက် ၆ ပေခြားနေရမှာတွေ မလုပ်နိုင်ကြပါဘူး။ မကာကွယ်နိုင်ကြဘူး။ သူတို့ရဲ့စိတ်ထဲမှာက ထမင်းစားရဖို့ -ထမင်းစားရဖို့ ဆိုတာပဲ တွေးနိုင်တယ်၊ သိပ်သနားစရာကောင်းပါတယ်”

အခုလို စားဝတ်နေရေးအတွက် မလွဲသာလို့ အိမ်ပြင်ထွက်ရတဲ့ အခက်အခဲကို မြန်မာနိုင်ငံအနှံ့ ကြုံတွေ့နေရတာပါ။ ဒါပေမယ့် တချို့ကတော့ အိမ်ထဲမှာ မွန်းကျပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ဖြစ်ပါတယ်။ အထွေထွေကုဆရာဝန် စာရေးဆရာ ကြည်ဇော်ဝင်းကတော့ ခဏတာ စိတ်သက်သာမှုထက် အသက်ဆုံးရှုံးနိုင်တဲ့ အန္တရာယ်ကို သတိထားကြဖို့ လိုတယ်လို့ ပြောပါတယ်။

“ရန်ကုန်က အများဆုံးပဲ။ မနေ့တနေ့ကလည်း မဟာဗန္ဓုလပန်းခြံကို ပိတ်ပစ်လိုက်ရတယ်။ ပဲခူးဘက်မှာလည်း တအားဖြစ်နေတယ်လို့ သူငယ်ချင်းက လှမ်းပြောတယ်။ ဒဏ်ရိုက်တာကို ကျနော်သိပ်သဘောမကျဘူး၊ ဒါပေမယ့် လူတွေကလည်း ဒဏ်ရိုက်မှ ပိုပြီးလေးစားလိုက်နာမယ် ထင်တယ်။ ကိုဗစ်နဲ့ ပတ်သက်လို့ မေတ္တာရပ်ခံတာမလုပ်ဘဲ အရေးပေါ်အမိန့်တရပ်ထုတ်မှ လူတွေက လိုက်နာကြမယ်လို့ ထင်တယ်။ နှာခေါင်းစည်းမတပ်တဲ့ ဈေးဆိုင်ဆို မဝယ်နဲ့ဆိုတာ ပျော့ပြောင်းလွန်းအားကြီးတယ်။ နှာခေါင်းစည်းမတပ်ဘဲ ဈေးရောင်းခွင့်မရှိဘူး၊ နှာခေါင်းစည်းမတပ်ပဲ ဈေးဝယ်ခွင့်မရှိဘူးလို့ တိတိကျကျ ထုတ်ပြန်စေချင်တယ်။”

ရန်ကုန်မြို့ရဲ့ အကျယ်အဝန်းနဲ့ လူဦးရေက မန္တလေးထက် အဆများစွာ ကြီးမားတဲ့အတွက် ထိန်းချုပ်ဖို့ ခက်ခဲတယ်လို့ ဝေဖန်သူတချို့က ပြောပါတယ်။ တပြိုင်နက်မှာပဲ လူတချို့ ပန်းခြံတွေ လမ်းတွေပေါ် ထွက်နေကြတာကို ထိထိရောက်ရောက် တားဆီးဖို့ ဆရာဝန်တွေက သတိပေးနေပါတယ်။

RFA Burmese