မရမ်းကုန်းမြို့နယ်ရှိ ဗဟိုကာကွယ်ဆေးသိုလှောင်ရေးအအေးခန်းမှ ဆေးဝါးများခိုးယူသူနှင့် ရောင်းချပေးသူများကို ဖော်ထုတ်ဖမ်းဆီးရမိ

04-Jan-2021

ရန်ကုန် ဇန်နဝါရီ ၃

မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် မင်းဓမ္မလမ်း အမျိုးသားပြန်လည် သန်စွမ်းရေးဆေးရုံ ဗဟိုကာကွယ် ဆေးသိုလှောင်ရေး အအေးခန်းအတွင်း ထားရှိသော ရေခဲသေတ္တာအမှတ် BC 2 အတွင်းမှ တိုင်းဒေသကြီး၊ ပြည်နယ်များသို့ ဖြန့်ဖြူးထားခြင်း လုံးဝမရှိသေးသော သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ပုလင်းပေါင်း ၁၉၀၅၅၂ ပုလင်းအနက် ပုလင်း ၅၈၁၀ နှင့် အသည်းရောင်အသားဝါ B ကာကွယ်ဆေးလုံး ၄၈၀၊ ပြင်းထန် အဆုတ်ရောင်ကာကွယ်ဆေးလုံး ၇၀၀ စုစုပေါင်းတန်ဖိုးငွေကျပ် ၄၆၀၈၁၇၆၈ မှာ ပျောက်ဆုံးနေကြောင်း ပြည်သူ့ ကျန်းမာရေးဦးစီးဌာန ဗဟိုကာကွယ် ဆေးအအေးခန်းမှ ဦးစီးအရာရှိက ခိုးယူသွားသူအား စုံစမ်းဖော်ထုတ် အရေးယူပေးရန် မရမ်းကုန်းမြို့နယ် ဘုရင့်နောင်နယ်မြေရဲစခန်းသို့ အမှုဖွင့် တိုင်တန်းခဲ့သည်။

ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ အထူးအမှုစစ်အဖွဲ့က ဆေးပစ္စည်း အရောင်းဆိုင်များကို လိုက်လံစုံစမ်း ခဲ့ရာ ပန်းဘဲတန်းမြို့နယ် (၄)ရပ်ကွက် (၂၇/အပေါ်)လမ်း တိုက်(-၂၀၂) (ပ)ထပ် ရှိ တင်အေး(ခ)မိုဟာမတ်အီလီယက် (ခ)တင်လှ၏ဆေးဆိုင်တွင် ရောင်းချ ကြောင်း စုံစမ်းသိရှိရသဖြင့် ဒီဇင်ဘာ ၂၉ ရက်တွင် တင်အေး(ခ)မိုဟာမတ် အီလီယက်(ခ)တင်လှ၏ ဆေးဆိုင် ကို သက်သေများနှင့်အတူ ဝင်ရောက် ရှာဖွေရာ Lot No–T013330 ပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေး ၆၄၃ လုံး သိမ်းဆည်းရမိခဲ့ သည်။ တင်အေး(ခ)မိုဟာမတ်အီလီ ယက်(ခ)တင်လှအား စစ်မေးရာ သာကေတမြို့နယ် ရှုခင်းသာအိမ်ရာ ရှိ စိုးမြင့်(ခ)စလိုဒါဂျူးက လာရောက် ရောင်းချခြင်းဖြစ်ကြောင်း ထွက်ဆို ချက်အရ စိုးမြင့်(ခ)စလိုဒါဂျူးအား အမှုဖြင့် ဖမ်းဆီးစစ်ဆေးရာ ဆိပ်ကြီး ခနောင်တိုမြို့နယ် ပန်းပင်ချောင် ရပ်ကွက် သစ်ခွမြိုင်လမ်း အမှတ်(၅၇)ရှိ ဝဏ္ဏထွန်းက ရောင်းခိုင်းခြင်းဖြစ် ကြောင်း ထွက်ဆိုစစ်ဆေးပေါ်ပေါက် သည်။

ဝဏ္ဏထွန်းပါသုံးဦးအား အမှုဖြင့် ဖမ်းဆီးပြီး တိုက်ဆိုင်စစ်ဆေးရာ ဝဏ္ဏထွန်းက Lot No – T013330 ပါ သားအိမ်ခေါင်းကင်ဆာ ကာကွယ် ဆေးလုံး ၅၈၁၀၊ အသည်းရောင် အသားဝါ B ကာကွယ်ဆေး၊ ပြင်းထန် အဆုတ်ရောင် ကာကွယ်ဆေးတို့ကို ခိုးယူပြီး စိုးမြင့်(ခ)စလိုဒါဂျူးအား ရောင်းချခိုင်းခြင်းဖြစ်ကြောင်း၊ စိုးမြင့် (ခ)စလိုဒါဂျူးက သားအိမ်ခေါင်း ကင်ဆာ ကာကွယ်ဆေးများကို ဆေးဝါးရောင်းချသူ တင်အေး(ခ)မိုဟာမတ်အီလီယက်(ခ) တင်လှ၊ သန်းထွန်း(ခ)အီမရမ်း(ခ)စာကလေး၊ အောင်နေဦးနှင့် စလင်းတို့ထံ ရောင်းချ ခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ချက်အရ အမှုမှ ပျောက်ဆုံး သားအိမ်ခေါင်း ကင်ဆာကာကွယ်ဆေး ၅၅၁၃ လုံး၊ အသည်းရောင်အသားဝါ B ကာကွယ် ဆေးလုံး ၄၈၀၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေးလုံး ၇၀၀ ကို ပြန်လည် သိမ်းဆည်းရရှိပြီးဖြစ်၍ ပြစ်မှုကျူးလွန် သူ ဝဏ္ဏထွန်းပါ ခြောက်ဦးအား ဥပဒေ နှင့်အညီ အမြန်တရားစွဲတင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်း ရရှိသည်။

ရဲပြန်ကြား