M2 World Championship ပြိုင်ပွဲ Grand Final သို့ မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်း တက်ရောက်

24-Jan-2021

 


ရန်ကုန်  ဇန်နဝါရီ  ၂၃

စင်ကာပူနိုင်ငံ၌ ကျင်းပနေသည့် M2 World Championship ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းသည် ဇန်နဝါရီ ၂၃ ရက်က ကျင်းပ သည့် Upper Bracket Final  ပွဲစဉ်တွင်  နိုင်ပွဲရရှိပြီး Grand Final သို့ တက်ရောက်သွားသည်။
Burmese Ghouls အသင်းသည် Upper Bracket Final  ပွဲစဉ်တွင် အင်ဒိုနီးရှားနိုင်ငံကိုယ်စားပြု RRQ Hoshi အသင်း နှင့် ယှဉ်ပြိုင်ကစားရာ (၃-၂) ပွဲဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ Burmese Ghouls အသင်းသည်   အစောပိုင်းပွဲများတွင် နှစ်ပွဲဆက်အနိုင်ရထားသော်လည်း နှစ်ပွဲပြန်လည်အရေး နိမ့်ခဲ့သဖြင့် ငါးပွဲမြောက်အထိ ယှဉ်ပြိုင်ခဲ့ရပြီး  နောက်ဆုံးပွဲ တွင် ပြန်လည်အနိုင်ရခဲ့သဖြင့် (၃-၂)ပွဲဖြင့် အနိုင်ရခဲ့ခြင်းဖြစ် သည်။ ယင်းပြိုင်ပွဲကို ဇန်နဝါရီ ၁၈ ရက်မှ ၂၄ ရက်အထိ စင်ကာပူနိုင်ငံ၌  ကျင်းပနေခြင်းဖြစ်ပြီး  မြန်မာအပါအဝင် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မလေးရှား၊ ကမ္ဘောဒီးယား၊ ဂျပန်၊ ဘရာဇီးနှင့် ရုရှားနိုင်ငံတို့မှ ကိုယ်စားပြုအသင်းများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။       မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းသည် အုပ်စု (က)တွင် စင်ကာပူ နှင့် ရုရှားကိုယ်စားပြုအသင်းများနှင့် ကျရောက်ခဲ့ပြီး နှစ်ပွဲ စလုံး အနိုင်ရခဲ့သဖြင့် Upper Bracket အဆင့်သို့  တက်ရောက် ခဲ့သည်။ 

Burmese Ghouls အသင်းသည်    ယမန်နေ့က ကစားသည့်ပွဲတွင်  ဖိလစ်ပိုင်နိုင်ငံကိုယ်စားပြု Bren Esports အသင်းကို (၂-၀) ပွဲဖြင့် အနိုင်ရခဲ့ပြီး Upper  Bracket Final  ပွဲစဉ်သို့  တက်ရောက်ခဲ့ကာ  အင်ဒိုနီးရှားနိုင်ငံ  ကိုယ်စားပြု RRQ Hoshi အသင်းကို ထပ်မံအနိုင်ယူကာ  Grand Final သို့ တက်ရောက်ခဲ့ခြင်းဖြစ်သည်။  Grand Final ပွဲစဉ်ကို ဇန်နဝါရီ ၂၄ ရက် ညနေပိုင်းတွင် ဆက်လက်ကျင်းပမည်ဖြစ် ပြီး     မြန်မာနိုင်ငံကိုယ်စားပြု Burmese Ghouls အသင်းနှင့်    တွေ့ဆုံမည့်အသင်းကို ဇန်နဝါရီ ၂၄ ရက် နံနက်ပိုင်းပွဲစဉ်ပြီးမှ ထွက်ပေါ်မည်ဖြစ်သည်။

သတင်း-ရှိုင်းထက်ဇော်
ဓာတ်ပုံ-Burmese Ghouls အသင်း Facebook