စွပ်စွဲပြောဆိုမှုအတွက် ပြန်တောင်းပန်ဖို့ USDP ပါတီကို ဆရာ၊ဆရာမတွေတောင်းဆို

11-Nov-2020

နိုဝင်ဘာလ (၈) ရက်နေ့မှာ ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲအတွင်း မဲရုံစောင့်တဲ့ ဆရာ၊ဆရာမတွေဟာ NLD ပါတီထောက်ခံသူ အများစုဖြစ်တာကြောင့် တရားမမျှတမှုတွေရှိခဲ့တယ်ဆိုတဲ့ USDP ပါတီရဲ့ စွပ်စွဲပြောဆိုချက်ကို ပြန်တောင်းပန်ဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

ဒီစွပ်စွဲပြောဆိုချက်ဟာ ဆရာ၊ဆရာမတွေရဲ့ ဂုဏ်သိက္ခာကိုထိပါးစော်ကားရာရောက်တာကြောင့် ပညာရေးဝန်ထမ်းတွေအနေနဲ့ အလွန်စိတ်ပျက်မိကြောင်းနဲ့  USDP ပါတီအနေနဲ့  ဆရာ၊ဆရာမတွေကို တရားဝန်ပြန်တောင်းပန်ဖို့ အလေးအနက်တိုက်တွန်းတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ရန်ကုန်တိုင်းပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ USDP တာဝန်ရှိသူတွေဟာ ဒီကနေ့ ရန်ကုန်မြို့မှာပြုလုပ်တဲ့  ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲအတွင်း မဲရုံစောင့် ဆရာ၊ဆရာမတွေကို စွပ်စွဲအပြစ်တင်ခဲ့တာဖြစ်ပါတယ်။

 မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်က ထုတ်ပြန်ကြေညာချက်အပြီး တစ်နာရီကျော် အကြာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ USDP ကလည်း ကြေညာချက် ပြန်ထုတ်ပြန်လိုက်ပါတယ်။

အဲ့ဒီကြေညာချက်ထဲမှာတော့ မဲရုံစောင့်တဲ့ ဆရာ၊ဆရာမတွေနဲ့ ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုချက်တွေဟာ ကွန်ပြူတာ စာရိုက်မှားယွင်းမှုကြောင့်လို့ဆိုထားပြီး ဆရာ၊ဆရာမတွေကိုလည်း အနူးအညွတ်တောင်းပန်ကြောင်းဖော်ပြထားပါတယ်။

ဒီကနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ရွေးကောက်ပွဲဖြစ်စဉ်ဟာ တရားမျှတမှုမရှိတာကြောင့် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က တပ်မတော်နဲ့ ပူးပေါင်းပြီး ရွေးကောက်ပွဲတစ်ခု အမြန်ဆုံးပြန်လည်ကျင်းပပေးဖို့ USDP ပါတီ တာဝန်ရှိသူတွေက တောင်းဆိုခဲ့ကြပါတယ်။

Crd RFA

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။

 

ရွေးကောက်ပွဲ ပြန်ကျင်းပပေးဖို့ ကြံ့ခိုင်ရေးပါတီတောင်းဆို