အမေရိကန်ရဲ့ ပထမဆုံး ကိုဗစ်ကာကွယ်ဆေး FDA အတည်ပြုပြီ

12-Dec-2020

Pfizer နဲ့ ဂျာမန်ကုမ္ပဏီ BioNTech တို့ ပူးတွဲထုတ်လုပ်တဲ့ COVID-19 ကာကွယ်ဆေးကို အမေရိကန်ပြည်ထောင်စုမှာ အသုံးပြုဖို့အတွက် ပထမဆုံးအကြိမ်အဖြစ် ခွင့်ပြုလိုက်ပါပြီ။

ဒီကာကွယ်ဆေးဟာ ဘေးရန်ကင်းပြီး ဗိုင်းရပ်စ်ကူးစက်မှုကို အခိုင်အမာ ကာကွယ်နိုင်တယ်လို့ အစားအစာနဲ့ ဆေးဝါးကွပ်ကဲရေးဌာန (FDA) က သောကြာနေ့မှာပြောပြီး အတည်ပြုပေးလိုက်တာပါ။

အခုလို ပထမဆုံး ကာကွယ်ဆေးကို သုံးစွဲဖို့ အတည်ပြုပေးလိုက်တဲ့အပေါ် သမ္မတ Donald Trump က ဂုဏ်ယူပြောဆိုခဲ့ပါတယ်။

"ဒီကနေ့မှာ ကျနော်တို့နိုင်ငံဟာ ဆေးဘက်ဆိုင်ရာ အံ့မခန်းအခြေအနေတခု အောင်မြင်ရရှိခဲ့ပါပြီ။ ဘေးကင်းပြီး ထိရောက်တဲ့ ကာကွယ်ဆေးတခုကို ၉ လအတွင်းမှာ ကျနော်တို့ ထုတ်နိုင်ခဲ့ပါပြီ။ ဒါဟာ သမိုင်းမှာ အကြီးမားဆုံး သိပ္ပံပညာရပ်ဆိုင်ရာ အောင်မြင်မှုကြီးတခုပါ။ ဒီဆေးဟာ လူသန်းပေါင်းများစွာရဲ့ အသက်ကို ကယ်တင်မှာဖြစ်ပြီး ကပ်ရောဂါကို သိပ်မကြာခင်မှာပဲ လုံးဝချုပ်ငြိမ်းသွားစေမှာ ဖြစ်ပါတယ်။" လို့ သမ္မတ Trump က ဗွီဒီယိုရိုက်ကူးပြောဆိုပြီး တွစ်တာပေါ်မှာ တင်ခဲ့ပါတယ်။

အရေးပေါ်အခြေအနေအဖြစ် အသုံးပြုဖို့ FDA က အတည်ပြုပေးလိုက်တဲ့ ကာကွယ်ဆေးကို ၂၄ နာရီအတွင်း ထိုးပေးမှာဖြစ်ပြီး အမေရိကန်နိုင်ငံသား အားလုံးအတွက် အခမဲ့ထိုးပေးမှာဖြစ်တယ်လို့ သမ္မတက ဆိုပါတယ်။

သမ္မတ Trump ရဲ့ အခုပြောဆိုချက်က ကျန်းမာရေးတာဝန်ရှိသူတွေ ပြောဆိုထားတာနဲ့တော့ ဆန့်ကျင်နေပါတယ်။ အမေရိကန်နိုင်ငံသား အများအပြား ကာကွယ်ဆေး ထိုးရဖို့အတွက်က နောက်ထပ် လပေါင်းများစွာကြာနိုင်ပြီး COVID-19 ချုပ်ငြိမ်းသွားဖို့ ဆိုတာကတော့ အဝေးကြီး လိုသေးတယ်လို့ ကျန်းမာရေးပညာရှင်တွေ၊ တာဝန်ရှိသူတွေက ပြောထားတာပါ။

ရွေးကောက်ခံသမ္မတ Joe Biden က သူ့အစိုးရအဖွဲ့ ပထမရက်ပေါင်း ၁၀၀ အတွင်းမှာ ကာကွယ်ဆေး သန်း ၁၀၀ ထက်မနည်း ထိုးပေးမယ်လို့ ဒီသီတင်းပတ်အစောပိုင်းက ကတိပေးခဲ့ပြီး အခုကာကွယ်ဆေးကို အတည်ပြုလိုက်တာနဲ့ ပတ်သက်လို့တော့ ဘာမှပြောဆိုတာ မရှိသေးပါဘူး။

VOA News