ကြိုးဝိုင်းထဲပြန်ဝင်လာတဲ့ လက်ဝှေ့အကျော်အမော် Mike Tyson

29-Nov-2020

လက်ဝှေ့လောကကနေ အနားယူခဲ့တဲ့ နာမည်ကျော် အမေရိကန် ဟဲဗီးဝိတ် လက်ဝှေ့သမား Mike Tyson တယောက် ၁၅ နှစ်အကြာမှာ လက်ဝှေ့ကြိုးဝိုင်းထဲကို တခေါက် ပြန်လည်ဝင်ရောက်လာခဲ့ပါတယ်။

အသက် ၅၄ နှစ်အရွယ် ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံဟောင်း Mike Tyson ဟာ အသက် ၅၁ နှစ်အရွယ် Roy Jones Jr. နဲ့ စနေနေ့က သရုပ်ပြ ထိုးသတ်ခဲ့တာပါ။ ဒီပွဲဟာ အသက်ဝင်လှပြီး သရေနဲ့ အဆုံးသတ်သွားခဲ့ပါတယ်။

ထိုးသတ်ချိန်မှာ လက်ဝှေ့သမား နှစ်ဦးစလုံး သူတို့ရဲ့ စွဲမက်ဖွယ် ထိုးသတ်ဟန်တွေကို ပြန်လည်ပြသနိုင်ခဲ့ပြီး Tyson က သိသိသာသာ အနိုင်ရဟန် ပေါ်ပေမယ့်လို့ WBC ဒိုင်တွေက သရေပွဲအဖြစ် သတ်မှတ်လိုက်ကြပါတယ်။

ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ်အိန်ဂျလိစ်မြို့လယ်က Staples Center အားကစားကွင်းမှာ Tyson နဲ့ Jones တို့က ၂ မိနစ်စီနဲ့ ပွဲချီ စုစုပေါင်း ၈ ပွဲ ထိုးသတ်ခဲ့တာဖြစ်ပြီး ပွဲချီအားလုံး အပြီးမှာတော့ နှစ်ဦးစလုံး ပြိုင်ပွဲကို အားရကျေနပ်ကြောင်း ပြောခဲ့ကြပါတယ်။

ကမ္ဘာ့ဟဲဗီးဝိတ်တန်း ချန်ပီယံ Mike Tyson က ၁၅ နှစ်ကြာ လက်ဝှေ့ကြိုးဝိုင်းတွင်းက ပျောက်ကွယ်နေရာကနေ စနေနေ့က အခုလို သရုပ်ပြပွဲနဲ့ ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်ခဲ့တာပါ။ အခုပွဲက သရုပ်ပြပွဲသာဖြစ်ခဲ့ပြီး သရေနဲ့ အဆုံးသတ်ခဲ့ပေမယ့်လို့ Mike Tyson က ငယ်စဉ်က သူ့ရဲ့ နာမည်ကျော် စွဲမက်ဖွယ်ရာ ထိုးကွက်တွေနဲ့ ပရိသတ်စိတ်လှုပ်ရှားအောင် ပြန်ပြီး လုပ်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပွဲဟာ သူ့ရဲ့ ဘဝသစ်ကို ဖွင့်လှစ်ပေးနိုင်ဖွယ် ရှိနေတယ်လို့ ခန့်မှန်းရပါတယ်။

Mike Tyson က သူကိုယ်တိုင် အလဲထိုးမခံခဲ့ရလို့ ကျေနပ်မိကြောင်းနဲ့ နောက်တပွဲကစားရင် ပိုကောင်းအောင် ကစားမယ်လို့လည်း ပွဲအပြီးမှာ ပြောပါတယ်။

Mike Tyosn ကြိုးဝိုင်းထဲ ပြန်လည်ဝင်ရောက်တဲ့ပွဲက နိုင်ငံတကာက အာရုံစိုက်တာကို ခံခဲ့ရပြီး ကမ္ဘာ့လက်ဝှေ့ပရိသတ်အကြိုက် သံမဏိ မိုက်လို့ ကျော်ကြားခဲ့တဲ့ သူ့ရဲ့ နဂိုပုံစံမျိုး ပြန်လည်ရရှိအောင် လချီ ကြိုးပမ်းခဲ့မှုရဲ့ ရလဒ်ကိုလည်း တွေ့ရှိခဲ့ရပါတယ်။

နောက်နှစ်ထဲမှာလည်း အခုလိုပွဲစဉ်မျိုးတွေ ဆက်လုပ်သွားဖို့ရှိနေပြီး Mike Tyson အနေနဲ့ နောက်တပွဲအဖြစ် ဥရောပက ဟဲဗီးဝိတ်လက်ဝှေ့သမားတယောက်နဲ့ Monte Carlo မှာ ထိုးသတ်ဖို့ရှိပါတယ်။

VOA News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။