ကြိုတင်မဲစာရင်းကောက်တဲ့ ဆရာမ၊ အထူးရဲအပါအဝင် ၇ ဦး ကိုဗစ် ကူးစက်ခံရ

05-Nov-2020

ဧရာဝတီတိုင်း ပုသိမ်မြို့မှာ ကြိုတင်မဲကောက်ရင်း ကိုဗစ် အတည်ပြုလူနာနဲ့ ဆက်စပ်မိလို့ ကြိုတင်မဲ ကောက်သူ ၇ ဦး ကိုဗစ်ရောဂါကူးစက် ခံခဲ့ရတယ်လို့ ပုသိမ် မြို့နယ်ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌ ဖြစ်သူ ဦးငွေစိုးက ဘီဘီစီကို ပြောပါတယ်။

ကူးစက်ခံရသူတွေဟာ ကြိုတင်မဲစာရင်းကောက်တဲ့ ဆရာမတွေ၊ အထူးရဲ၊ ရာအိမ်မှူးတွေနဲ့ ရပ်ကျေးကော်မရှင်တွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်၊

ပြီးခဲ့တဲ့ အောက်တိုဘာလ ၃၀ ရက်နေ့က ပုသိမ်မြို့မှာ ကြိုတင်မဲကောက်ယူရာမှာ မဲပေးခဲ့သူတစ်ဦးဟာ ကိုဗစ် အတည်ပြုလူနာ ဖြစ်ခဲ့ပြီးနောက် အဲဒီနေ့ကြိုတင်မဲ ကောက်ယူခဲ့သူတွေကို စစ်ဆေးရမှာ အခုလို တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့မှာ နိုဝင်ဘာလ ၄ ရက်က စစ်ဆေးမှုအရ ကိုဗစ်-၁၉ အတည်ပြုလူနာ ၁၆ ဦးတွေ့ရှိခဲ့ ပြီး ပိုးတွေ့ခဲ့တဲ့ လူနာ ၁၆ ဦးရဲ့ စာရင်းထဲမှာ နိုဝင်ဘာလ ၂ ရက်နေ့က အသွားအလာ ကန့်သတ်ခံခဲ့ရတဲ့ မဲရုံအဖွဲ့ဝင်တွေလည်း ပါဝင်တယ်လို့ ပုသိမ်ပြည်သူ့ဆေးရုံကြီးက ဒေါက်တာ သန်းမင်းထွဋ်က သူရဲ့လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

အောက်တိုဘာ ၃၀ ရက်နေ့မှာ ကြိုတင်မဲကောက်ယူခဲ့ပြီးနောက် အောက်တိုဘာ ၃၁ ရက်နေ့မှာ မဲပေးသူဟာ ကိုဗစ် အတည်ပြုလူနာအဖြစ် သတ်မှတ်ခံရပြီး သွားရောက်ခဲ့တဲ့ အဖွဲ့ဝင်တွေကို ကိုဗစ်ရှိမရှိ စစ်ဆေးရာက ၇ ဦး ကူးစက်ခံထားရကြောင်း သိခဲ့ရတာ ဖြစ်ပါတယ်။

ပုသိမ်မြို့နယ်တွင်းက ရပ်ကွက် ၁ မှာ အသက် ၆၀ နှစ်နဲ့ အထက်တွေအတွက် နေအိမ်အရောက် ကြိုတင်မဲ လိုက်လံကောက်ယူရာကနေ မဲစာရင်းကောက်ယူတဲ့ ၈ ဦးပါအဖွဲ့မှာ ၇ ဦးမှာ ကိုဗစ်ကူးစက်ခံရကြောင်း တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

ကြိုတင်မဲကောက်ယူရာက သွားရောက်တဲ့ တစ်ဖွဲ့လုံးနီးပါး ကူးစက်ခဲ့ရတာဖြစ်တယ်လို့ ပုသိမ် မြို့နယ်ကော်မရှင်အဖွဲ့ ဥက္ကဋ္ဌဖြစ်သူ ဦးငွေစိုးက ပြောပြပါတယ်။

ဧရာဝတီတိုင်းဒေသကြီးအတွင်း နိုဝင်ဘာလ ၅ ရက်နေ့က ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ ၄၁ ဦးရှိပြီး ပုသိမ်မြို့က ၁၆ ဦး၊ မော်လမြိုင်ကျွန်းက ၈ဦး ၊ ကျိုတ်လတ် ၇ ဦး၊ မအူပင် ၃ ဦး၊ ကျုံပျော် ၊ ဖျာပုံ ၂ ဦးစီ နဲ့ ဇလွန် ၊ ဝါးခယ်မ ၊ လပွတ္တာ ၁ ဦးစီ နဲ့ ဧရာဝတီတိုင်းဒေသကြီးအတွင်းမှာ ပိုးတွေ့ရှိသူစုစု ပေါင်း ၁၂၉၈ ဦး နဲ့ သေဆုံးသူ ၁ ဦးဖြစ်တယ် လို့လည်း အစိုးရတရားဝင်ထုတ်ပြန်ချက်တွေ အရသိရပါတယ်၊

ကြိုတင်မဲကောက်ယူမှုတွေကို အောက်တိုဘာ ၂၉ ရက်နေ့ကစပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စတင် ကောက်ယူခဲ့တာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲနေ့နဲ့ ကြိုတင်မဲကောက်ယူရာမှာ မဲရုံမှူး၊ မဲလက်မှတ်စစ်ဆေး အစရှိတဲ့ မဲရုံတာဝန်တွေကို ထမ်းဆောင်မယ့် ဆရာ၊ဆရာမတွေကို ရွေးကောက်ပွဲကော်မရှင်အနေနဲ့ သင်တန်းပေးရာမှာ ကိုဗစ်ရောဂါ နဲ့ပတ်သက်လို့ မြို့နယ်ဆရာဝန်၊ ကျန်မားရေးမှူးစတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုလည်း သီးသန့် တစ်ချိန် ထည့်ကာ သတိပြုရမယ့်အချက်တွေကို ဆွေးနွေးတာတွေလုပ်ခဲ့တယ်လို့လည်း ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌဖြစ်သူ ဦးငွေစိုးက ဘီဘီစီကို ပြောပါတယ်။

ကြိုတင်မဲ ကောက်ယူတဲ့နေရာမှာ မဲပေးသူနဲ့ ထိတွေ့မှုကို ရှောင်နိုင်ဖို့ မလွယ်ကူလှဘူးလို့ မန္တလေးမြို့ ချမ်းမြသာစည် အထက ၃၅ က အလယ်တန်းပြဆရာမတစ်ဦးဖြစ်တဲ့ ဒေါ်နီလာဝင်းက ဘီဘီစီကို ပြောပြပါတယ်။

မြန်မာနိုင်ငံမှာ အထွေထွေရွေးကောက်ပွဲ ကျင်းပဖို့ရက်ပိုင်းသာ လိုတော့သလို ပြည်တွင်းမှာ ကိုဗစ် ကူးစက်မှုတွေက လျော့ကျသွားတာ မရှိသေးပါဘူး။

တစ်ရက်ကို အတည်ပြုလူနာ တစ်ထောင်ဝန်းကျင်ခန့် နေ့စဉ် တွေ့ရှိနေဆဲဖြစ်သလို နိုဝင်ဘာ ၄ ရက်နေ့အထိ အတည်ပြုလူနာ ၅၆၀၀၀ ကျော်နဲ့ သေဆုံးသူ ၁၃၀၀ကျော် ရှိသွားပြီ ဖြစ်ပါတယ်။

Crd BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။