Pfizer ကာကွယ်ဆေးကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အတည်ပြု

02-Jan-2021

ဇူးရစ် ဇန်နဝါရီ ၁

ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် Pfizer ကာကွယ်ဆေးကို ယမန်နေ့က အရေးပေါ်အခြေအနေ အသုံးပြုရန် အတွက် အတည်ပြုခဲ့ခြင်းကြောင့်  Pfizer ဆေးကို ဖွံ့ဖြိုးဆဲနိုင်ငံများတွင်ပါ ရရှိနိုင်ရေး ခြေလှမ်းသစ် တစ်ရပ် ရှေ့တိုးနိုင်ခဲ့သည်။

စည်းမျဉ်းပိုင်းစိစစ်ရေးဆိုင်ရာ ရင်းမြစ်ပြည့်စုံမှုမရှိသည့် ဆင်းရဲ သည့်နိုင်ငံများ  ကာကွယ်ဆေးရရှိမှုတွင်  ကျန်ရစ်ခဲ့ခြင်းမျိုးမရှိစေရန် အရေးပေါ်အသုံးပြုနိုင်သည့်ဆေးစာရင်းဆိုင်ရာ  အစီအစဉ်တစ်ရပ်ကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့က  ဆောင်ရွက်နေခြင်းဖြစ်သည်။ အလားတူ ကာကွယ်ဆေးဖြန့်ချိပေးရေးအတွက် COVAX  အစီအစဉ်ကို ကမ္ဘာ့ ကျန်းမာရေးအဖွဲ့၊ ကပ်ရောဂါအတွက် ပြင်ဆင်ရေးနှင့် ဆန်းသစ်တီထွင် ရေးအဖွဲ့တို့ ပူးပေါင်းကာ ထူထောင်ထားပြီးဖြစ်သည်။

ဘေးအန္တရာယ်ကင်းရှင်းမှုနှင့် ထိရောက်မှုတို့ကို အခြေပြုကာ ကာကွယ်ဆေးကို စိစစ်ခဲ့ခြင်းဖြစ်ပြီး Pfizer ဆေးက အဆိုပါ အရည် အသွေးများပြည့်စုံမှုရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက် တွင် ဖော်ပြသည်။

တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့် ကာကွယ်ဆေးရရှိရန် ပိုမိုနီးစပ် လာသည့် ခြေလှမ်းဖြစ်ကြောင်း၊ သို့ရာတွင် ကမ္ဘာ့လူဦးရေအားလုံးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ဖြန့်ဖြူးပေးနိုင်ဖွယ်မရှိသောကြောင့် ဦးစားပေး ထိုးနှံပေးရမည့် အုပ်စုလူဦးရေစာရင်းကို နိုင်ငံများအားလုံး ပြင်ဆင်ထား ရန်လိုအပ်ကြောင်း ကာကွယ်ဆေးရရှိမှုအစီအစဉ်၏ ခေါင်းဆောင်ဖြစ်သူ မာရီယန်ဂီလာက ပြောကြားခဲ့သည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဦးဆောင်သည့် COVAX အစီအစဉ်သည် ယခုနှစ်ဦးပိုင်းမှာပင် ပထမအသုတ်အဖြစ် ဆေးအလုံးပေါင်း နှစ်ဘီလီယံ ကို ဖြန့်ချိပေးမည်ဖြစ်ကြောင်း သိရသည်။

ကိုးကား- စီအင်န်အေ၊

ဘာသာပြန်-မေလဲ့သင်း