ကရင်နယ်ခြားစောင့်တပ် BGF တစ်ဖွဲ့လုံး နုတ်ထွက်စာတင်

15-Jan-2021

ကရင်ပြည်နယ် နယ်ခြားစောင့်တပ် (BGF) က တပ်ရင်းတပ်ဖွဲ့တွေ အားလုံး နုတ်ထွက်စာ တင်ထားတယ်လို့ BGF ရဲ့ ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ဒီနေ့ ပြောလိုက်ပါတယ်။

တပ်မတော်ရဲ့ ဖိနှိပ်တာတွေ၊ ဖိအားပေးတာတွေကို မခံနိုင်တော့လို့ နုတ်ထွက်စာတင်တာလို့ သူက ပြော ပါတယ်။ နုတ်ထွက်ခွင့် တင်ထားတဲ့အထဲမှာ တပ်နယ် ၄ ခုက တပ်ရင်း ၁၃ ခု ပါဝင်ပါတယ်။

မြိုင်ကြီးငူအထူးဒေသမှာ တပ်မတော်နဲ့ နယ်ခြားစောင့်တပ်ဖွဲ့တို့ ဒီနေ့ တွေ့ဆုံဆွေးနွေးကြမယ်လို့လည်း ဗဟို အကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့တာဝန်ရှိသူ က ပြောပါတယ်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေ စီးပွားရေး မလုပ်ဖို့နဲ့ စီးပွားရေးလုပ်ကိုင်မယ်ဆိုရင် အရပ်ဝတ်နဲ့သာလုပ်ဖို့ တပ်မတော်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလနဲ့ အခုလပိုင်းမှာ အကြိမ်ကြိမ် သတိပေးခဲ့ပါတယ်။

အဓိက သတိပေးခံရတဲ့အထဲမှာ BGF တပ်ရင်း ၁၀၂၂ ရဲ့ တပ်ရင်းမှူးဖြစ်တဲ့ ဗိုလ်မှူး စောမုတ်သုန်၊ ကရင်ပြည်နယ် နယ်ခြားစောင့်တပ်အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး စောချစ်သူနဲ့ တပ်နယ် ၂ က ဗိုလ်မှူးစောတင်ဝင်း တို့ ပါဝင်ပါတယ်။

BGF က ဗိုလ်မှူး စောမုတ်သုန် ကတော့ ဇန်နဝါရီလ ၈ ရက်နေ့မှာ အရှေ့တောင်တိုင်းစစ်ဌာနချုပ်ဆီ နှုတ်ထွက်စာတင်ခဲ့ပါတယ်။

နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ရွှေကုက္ကို စီမံကိန်းဟာ အစိုးရ ခွင့်ပြုချက်ထက် ကျော်လွန်လုပ်ဆောင်ခဲ့တာတွေရှိလို့ စီမံကိန်းကို ရပ်ထားကြောင်းနဲ့ ဒီစီမံကိန်းကို အစိုးရအုပ်ချုပ်ရေး ယန္တရားအောက် ထည့်သွင်းနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အခုလ ၈ ရက်နေ့ကကျင်းပတဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောထားပါတယ်။ BGF ဘက်ကတော့ စီးပွားရေး စီမံကိန်းကို အကောင်အထည်ဖော် ဆောင်ရွက်တာဟာ BGF တပ်ဖွဲ့ ဝင်တွေ အပါအဝင် ဒေသခံတွေ အလုပ်အကိုင်ရရှိဖို့ ရည်ရွယ်တာလို့ ပြောကြပါတယ်။

ကရင်ပြည်နယ်၊ နယ်ခြားစောင့်တပ် BGF ကို ၂၀၁၀ ခုနှစ်၊ သြဂုတ်လမှာ တိုးတက်သော ကရင်အမျိုးသား တပ်မတော် DKBA က တပ်ရင်း ၁၂ ခု၊ ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ KPF က တပ်ရင်း ၁ ရင်းနဲ့ စတင်ဖွဲ့စည်း ခဲ့တာပါ။ လက်ရှိမှာ ခန့်မှန်းခြေ စုစုပေါင်း တပ်အင်အား သုံးထောင်ကျော်ခန့် ရှိတယ်လို့ သိရပါတယ်။

RFA Burmese