တရုတ်နိုင်ငံက လကမ္ဘာပေါ်သို့ မောင်းသူမဲ့ အာကာသယာဉ်တစ်စင်း ပထမဆုံးအကြိမ်လွှတ်တင်အောင်မြင်

25-Nov-2020

ပေကျင်း   နိုဝင်ဘာ   ၂၄

တရုတ်နိုင်ငံက မောင်းသူမဲ့ အာကာသယာဉ်တစ်စင်းအား လကမ္ဘာပေါ်သို့ ပထမဆုံးအကြိမ်အဖြစ်  ယနေ့လွှတ်တင် အောင်မြင်ခဲ့ကြောင်း သိရသည်။

အဆိုပါ အာကာသယာဉ်၏ အဓိကလုပ်ငန်းစဉ်မှာ လကမ္ဘာပေါ်တွင် ကျန်ရှိနေသော တရုတ်အာကာသယာဉ် များကို ပြန်လည်ယူဆောင်ရန်ဖြစ်သည်။

Chang'e 5   အမည်ရှိ   အာကာသယာဉ်ကို  ယနေ့ ဒေသစံတော်ချိန် နံနက် ၄ နာရီခွဲတွင် တရုတ်နိုင်ငံ ဟိုင်နန် ကျွန်းရှိ အာကာသယာဉ်လွှတ်တင်ရေးစခန်းမှ လွှတ်တင် ခဲ့ခြင်းဖြစ်သည်။

လကမ္ဘာပေါ်သို့ အာကာသယာဉ်များ လွှတ်တင်ခြင်း သည် တရုတ်နိုင်ငံ၏ အာကာသဆိုင်ရာ ဖွံ့ဖြိုးရေးလုပ်ငန်း စဉ်၏ အဓိကလုပ်ဆောင်ချက်တစ်ခုဖြစ်သည်။ တရုတ်နိုင်ငံ သည် လွန်ခဲ့သောနှစ်က လကမ္ဘာ၏ ဝေးလံသောနေရာဘက် အခြမ်းသို့ မောင်းသူမဲ့ထောက်လှမ်းရေး အာကာသယာဉ် တစ်စင်းကို  လွှတ်တင်နိုင်သည့်  ပထမဆုံးသောနိုင်ငံ ဖြစ်လာခဲ့သည်။ လကမ္ဘာ၏ဝေးလံသောနေရာနှင့် ကမ္ဘာ မြေပြင်ပေါ်ရှိ ထိန်းချုပ်ရေးစခန်းတို့အကြား ဆက်သွယ်ရေး ခက်ခဲသည့်အတွက် လကမ္ဘာ၏ ဝေးလံသော ဘက်အခြမ်း ကို ထောက်လှမ်းရေးအာကာသယာဉ်များ သွားလာရန်မှာ မလွယ်ကူလှပေ။

လက်ရှိအချိန်တွင် ကမ္ဘာ့နိုင်ငံများသည် လကမ္ဘာ အကြောင်း ပိုမိုသိရှိစေရန် အာကာသယာဉ်များ အပြိုင် အဆိုင် လွှတ်တင်ကာ စူးစမ်းလေ့လာလျက်ရှိကြသည်။ အမေရိကန်နိုင်ငံသည် the Artemis အစီအစဉ်ကို အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ အဆိုပါအစီအစဉ် တွင်  အာကာသအတွင်း၌  စခန်းတစ်ခုတည်ဆောက်ပြီး လကမ္ဘာပတ်လမ်းကြောင်းကို    အချိန်ပြည့် ကင်းလှည့် စောင့်ကြည့်နေမည် ဖြစ်သည့်အပြင် အာကာသယာဉ်မှူးများအား လကမ္ဘာပေါ်သို့ ပို့ဆောင်ပေးမည့်လုပ်ငန်းစဉ်များ ပါဝင်သည်။ ယင်းအစီအစဉ်တွင်  ဂျပန်နိုင်ငံက  ပူးပေါင်း ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

၂၀၃၀ ပြည့်နှစ်မတိုင်မီ တရုတ်နိုင်ငံသည် အာကာသဆိုင်ရာ ကာကွယ်ရေးနယ်ပယ်၌ အင်အားကြီးနိုင်ငံ တစ်နိုင်ငံဖြစ်လာရန် ရည်ရွယ်ထားသည်။ အာကာသ ကာကွယ်ရေးစွမ်းပကား  မြှင့်တင်ရာတွင် အမေရိကန်၊ တရုတ်နှင့် ရုရှားနိုင်ငံများ၏ ပြိုင်ဆိုင်မှုသည် ပြင်းထန်နိုင် ဖွယ်ရှိကြောင်း စောင့်ကြည့်လေ့လာသူများက ဆိုသည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်