NLD အစိုးရသစ်၊ သမ္မတနဲ့ UEC ကို ထောက်ခံကြောင်း ဆန္ဒဖော်ထုတ်

24-Jan-2021

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD အစိုးရသစ်၊ သမ္မတနဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် (UEC) တို့ကို ထောက်ခံကြောင်း နိုင်ငံရေးအကျဉ်းသားဟောင်းတွေနဲ့ ဝန်းရံသူအချို့က ဒီနေ့ ညနေပိုင်းမှာ ရန်ကုန်မြို့ ပန်းဆိုးတန်းခုံးကျော်တံတားနားကနေ မြို့တော်ခန်းမရှေ့ မဟာဗန္ဓုလပန်းခြံအထိ လမ်းလျှောက်ပြီး ကြွေးကြော်သံတွေနဲ့ ထောက်ခံဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဆန္ဒဖော်ထုတ်သူ ၅၀ ဝန်းကျင်ခန့်ရှိပြီး ငြိမ်းချမ်းစွာစုဝေးခွင့်နဲ့ စီတန်းလှည့်လှည်ခွင့်အတွက် ကျောက်တံတားမြို့နယ် ရဲစခန်းမှာ တင်ပြထားတယ်လို့ ပြောကြပါတယ်။

သူတို့ဟာ သမ္မတနဲ့ UEC ကိုထောက်ခံရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုပေါ်ပေါက်ရေး၊ ပြည်သူတင်မြှောက်သော အစိုးရသစ်ကို ထောက်ခံရေး၊ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီရှင်သန်ရေး၊ NLD အစိုးရသစ် လွှတ်တော်ခေါ်ယူခြင်းတို့ကို ကြိုဆိုထောက်ခံရေး ဒို့အရေး စတာတွေ ကြွေးကြော်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိတယ်ဆိုပြီး ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ပါတီတချို့က သတင်းစာရှင်းလင်းပွဲတွေ ရန်ကုန်၊ နေပြည်တော်၊ မန္တလေးနဲ့ မြို့ကြီးအချို့တို့မှာ ဆန္ဒပြပွဲတွေ ဆက်တိုက်လုပ်နေပါတယ်။

ရွေးကောက်ပွဲ ဆိုင်ရာပြဿနာတွေကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဖြေရှင်းပေးလို့ဆိုပြီး လွှတ်တော် အထူးအစည်းအဝေးခေါ်ပေးဖို့ တပ်မတော်နဲ့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီတို့ကလည်း တောင်းဆိုခဲ့ပါသေးတယ်။

ဒါတွေကို နိုင်ငံရေးအကျပ်အတည်းလို့ သတ်မှတ်ထားကြပြီး အဲဒီနိုင်ငံရေးအကျပ်အတည်းတွေကို ကျော်လွှားနိုင်ဖို့ အစိုးရ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စုလွှတ်တော်တို့က နည်းလမ်းရှာဖြေရှင်းပေးဖို့ တပ်မတော်က ဇန်နဝါရီ ၂၀ ရက်နေ့က တောင်းဆိုထားပါတယ်။

RFA Burmese

Photo: Thant Zin Oo/RFA