မြန်မာ ကိုဗစ်ကာလ အရေးပေါ်ထောက်ပံ့ကြေး ထပ်ပေးနေ

12-Nov-2020

ကိုဗစ်ကပ်ရောဂါကာလ စားဝတ်နေရေး အခက်အခဲ ကြုံနေရတဲ့ အခြေခံလူတန်းစားတွေအတွက် အစိုးရက နောက်တကြိမ် ထောက်ပံ့ကြေးပေးနေတဲ့အကြောင်း ပြောပြပါမယ်။

ကပ်ရောဂါကာလ သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားချိန်မှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေ စားဝတ်နေရေးအတွက် အစိုးရက စတုတ္ထအကြိမ် ငွေကြေးထောက်ပံ့တဲ့ အစီအစဉ်ကို ဒီတပတ်ထဲမှာပဲ စတင်လိုက်တာပါ။ အခြေခံလူတန်းစားတွေကို ပထမတကြိမ်မှာ ရိက္ခာထောက်ပံ့ပေးခဲ့ပြီး နောက်ထပ်လည်း တစ်အိမ်ထောင်ကို ငွေကျပ် ၂၀,၀၀၀ စီ ၃ ကြိမ်ထောက်ပံ့ပေးခဲ့ပြီးနောက် အခုနောက်ဆုံး အစီအစဉ်မှာတော့ ကပ်ရောဂါကာလ အိမ်ပြန်မထွက်ဖို့ သတ်မှတ်ထားတဲ့ နေရာတွေမှာ အိမ်ထောင်စုတစ်ခုကို ကျပ်ငွေ ၄၀,၀၀၀ ကျန်ဒေသတွေမှာတော့ ကျပ်ငွေ ၂၀,၀၀၀ ထောက်ပံ့ပေးနေပါတယ်။

ဆင်းရဲနွမ်းပါးသူတွေနဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ အများအပြားနေထိုင်တဲ့ ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာတော့ အခုနောက်ဆုံးအကြိမ် ထောက်ပံ့ကြေးပေးရမယ့် လူဦးရေစာရင်းက ပိုများလာတယ်လို့လည်း ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အနောက်ပိုင်း အုပ်ချုပ်ရေးမှုး ဦးနေမင်းထွန်းက ပြောပါတယ်။

“မနေ့ညကနေစပြီးတော့ ရပ်ကွက်တွေကတော့ ဖြန့်ထားပြီးပါပြီခင်ဗျ။ ရပ်ကွက်အလိုက်မှာ ဌာနဆိုင်ရာတွေလည်းပါဝင်ပြီးတော့ ရပ်မိရပ်ဖတွေနဲ့ ပူးပေါင်းပြီးတော့ ဝေတာပေါ့နော်။ ဝေတဲ့အခါတော့ အခြေခံမိသားစု၊ အခြေခံမိသားစုဆိုတာက ပြီးခဲ့တဲ့ အခေါက်တုန်းက မိသားစုတွေအပြင် ထပ်ပြီးတော့ ကျန်တဲ့ မိသားစုတွေကိုပါ ကျနော်တို့က ထောက်ပံ့ပေးတာပါဗျ။ အိမ်ထောင်စု ၁၀၀,၀၀၀ စွန်းစွန်းကျော်တယ်၊ ၁၀၁,၀၈၅ ပေါ့။”

ကိုဗစ်ကပ်ရောဂါ ကူးစက်မှုတွေ တိုးလာနေဆဲ မြန်မာနိုင်ငံမှာ အထောက်အပံ့ပေးတဲ့ အစီအစဉ်တွေကိုလည်း ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေအတိုင်း ဆောင်ရွက်နေရတယ်လို့လည်း တာဝန်ရှိသူတွေက ပြောပါတယ်။ မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်မှု အများဆုံး ကြုံနေရတဲ့ ရန်ကုန်တိုင်းထဲက လူဦးရေထူထပ်တဲ့ လှိုင်သာယာမြို့နယ်မှာ ဆိုရင်လည်း လူစုလူဝေး မဖြစ်စေဖို့အတွက် ထောက်ပံ့ငွေပေးတာကို ပုံစံ ၃ မျိုးနဲ့ ဆောင်ရွက်နေတယ်လို့ ဦးနေမင်းထွန်းက ပြောပါတယ်။

“ပုံစံကတော့ ၃ မျိုးဗျ။ ပထမဦးဆုံးကတော့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးမှာ အပိုင်လိုက်ကို အလှည့်ကျ ခေါ်ပြီးတော့ ပေးတာရှိတယ်။ နောက်တစ်ခုက ရပ်ကွက်အုပ်ချုပ်ရေးမှူး မဟုတ်သော အများနဲ့ သက်ဆိုင်တဲ့ ဓမ္မရုံတို့၊ ဘာတို့မှာ ခွဲပြီးတော့ ပေးတာလည်း ရှိပါတယ်။ နောက်တစ်ခုက အိမ်တိုင်ယာရောက်ပေးတာလည်း ရှိတယ်။ အဲ့ဒီ ၃ ခုနဲ့ ပေးနေတာပေါ့။”

မြန်မာနိုင်ငံမှာ ကပ်ရောဂါကူးစက်မှုတွေ တကျော့ပြန် စတင်ခဲ့တဲ့ ရခိုင်ပြည်နယ်မှာလည်း အိမ်ပြင်မထွက်ဖို့ အမိန့်ထုတ်ထားတာကြောင့် ရောဂါကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်တွေနဲ့အညီ အထောက်အပံ့ပေးနိုင်အောင် စီစဉ်နေတယ်လို့လည်း ကျောက်ဖြူမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမိုးကျော်က ပြောပါတယ်။

“စနစ်တကျဖြစ်အောင်ဆိုပြီးတော့ ကျနော်တို့ အဖွဲ့ဖွဲ့နေတယ်ခင်ဗျ။ အဖွဲ့ဖွဲ့ပြီးတော့မှပဲ ကျနော်တို့ ထောက်ပံ့ပါမယ်ခင်ဗျ။ သူ့ဌာနဆိုင်ရာအလိုက် ကျေးရွာအုပ်စုအလိုက် အဖွဲ့ဖွဲ့မယ် ဖွဲ့ပြီးသွားတော့ ကျနော်တို့ တတ်နိုင်သမျှတော့ လူစုလူဝေးမဖြစ်အောင်နဲ့ အိမ်တိုင်ယာရောက် နီးပါးပေါ့လေ၊ အိမ်တိုင်ယာရောက် နီးပါး နာမည်စာရင်းပါတဲ့ သူတို့ဆီကို စနစ်တကျဖြစ်အောင်ဆိုပြီးတော့ ဆောင်ရွက်ဖို့တော့ စီမံနေပါတယ်။”

အိမ်ပြင်မထွက်ရအမိန့် ထုတ်ပြန်မထားတဲ့ နေရာတွေမှာလည်း ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်တွေကို ကပ်ရောဂါထိန်းချုပ်ရေး စည်းမျဉ်းတွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ ထောက်ပံ့ကြေးပေးတဲ့ အစီအစဉ်တွေမှာတုန်းက အကူအညီလိုနေသူတွေ မရခဲ့တာတွေ ရှိခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ တိုင်ကြားမှုတွေလည်း ထွက်ပေါ်ခဲ့တာပါ။ ဒါကြောင့်လည်း ဒီတကြိမ်မှာ တတ်နိုင်သမျှ လိုအပ်တဲ့လူတွေထံ အကူအညီပေးနိုင်ဖို့ စီစဉ်ထားတဲ့အကြောင်း စစ်ကိုင်းတိုင်း မုံရွာမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက ပြောပါတယ်။

“ကျနော်တို့တွေက အခြေခံလူတန်းစားကိုပဲ ပေးတဲ့ခါကျတော့ တချို့ကျတော့လည်းပဲ နိုင်ငံတော်ကပေးတယ်ဆိုပြီးတော့ ပိုက်ဆံရှိတဲ့သူ၊ စားနိုင်သောက်နိုင်တဲ့သူတွေကလည်း အဲ့ဒီလို လိုချင်တဲ့သူတွေကလည်း ရှိတာပေါ့နော်။ အဲ့လိုလူတွေရှိတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ပြန်ပြီးတော့ ဒါက ခင်ဗျားကတော့ တိုက်တွေလည်း ရှိတယ်၊ ကားတွေလည်း ရှိတယ်၊ နေ့စဉ်စားဖို့ကလည်းပဲ ငွေတိုးပေးပြီးတော့ ချေးစားနေတဲ့သူဖြစ်တယ်။ ဒါကြောင့် ခင်ဗျားကတော့ အဆင်ပြေနေတဲ့သူ ကျနော်တို့ ပေးတာက ဒီဘက်မှာ အခြေခံစားဖို့ လိုအပ်နေတဲ့သူတွေကိုပေးတယ်။ အဲ့ဒီလိုမျိုးလေး ရှင်းပြလိုက်တဲ့ခါကျတော့ နားလည်တဲ့သူကလည်း နားလည်သွားပါတယ်။”

စတုတ္ထအကြိမ် ထောက်ပံ့မယ့် အစီအစဉ်မှာတော့ အိမ်ထောင်စုပေါင်း ၆,၀၀၀,၀၀၀ ကျော်အတွက် ကျပ်ငွေ ဘီလီယံ ၁၆၀ ကျော် သုံးစွဲဖို့ ရည်ရွယ်ထားကြောင်းလည်း တာဝန်ရှိသူတွေ သတင်းထုတ်ပြန်ထားပါတယ်။

ကပ်ရောဂါကာလမှာ ပုံမှန်ဝင်ငွေ မရှိတာကြောင့် စားဝတ်နေရေး အခက်ကြုံနေကြတဲ့ ပျံကျဈေးသည်၊ အငှားယာဉ်မောင်း၊ ကျပန်းလုပ်သား၊ ရေလုပ်သား၊ အလုပ်ကြမ်းသမား၊ ခြံလုပ်သား၊ ပုဂ္ဂလိက လုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ နေ့စား ဒါမှမဟုတ် ယာယီဝန်ထမ်း၊ အခြားပုံမှန် ဝင်ငွေမရှိတဲ့ အလုပ်သမားတွေနဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေကို အခြေခံလူတန်းစားတွေအဖြစ် သတ်မှတ်ပြီး အစိုးရက ထောက်ပံ့နေတာပါ။ တချိန်တည်းမှာပဲ ကပ်ရောဂါနဲ့ ကြုံရချိန်မှာ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် အိုးအိမ်စွန့်ခွာပြေးနေကြရသူတွေ၊ အသက် ၂ နှစ်အောက် ကလေးငယ်တွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေနှင့် သက်ကြီးရွယ်အိုတွေကိုလည်း အစိုးရနဲ့ နိုင်ငံတကာ အသိုင်းအဝန်းက ထောက်ပံ့ကူညီတာတွေလည်း ရှိပါတယ်။

Crd VOA News

ကိုဗစ်ကာလ အစိုးရ ထောက်ပံ့ကြေး ဘာတွေ ခက်ခဲနေလဲ