ဇန်နဝါရီ ၂၇ ရက်နေ့ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံမည်

25-Jan-2021

လာမယ့် ဇန်နဝါရီ ၂၇ ရက်နေ့မှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံမယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာန တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း ညွှန်ကြားရေးမှူး ဒေါက်တာ ထားထားလင်းက မနေ့ကကျင်းပတဲ့ ကိုဗစ်ကာကွယ်ဆေး ထိုးနှံရေးလုပ်ငန်းစဉ်နဲ့ ပတ်သက်တဲ့ အစည်းအဝေးမှာ ပြောခဲ့ပါတယ်။

ကာကွယ်ဆေးထိုးပြီးရင် အဲဒီရောဂါမဖြစ်ပွားနိုင်အောင် အချိန်ဘယ်လောက်အထိ ကာကွယ်ထားနိုင်မလဲ ဆိုတာ လေ့လာနေဆဲပဲလို့ ကျန်းမာရေးနဲ့အားကစားဝန်ကြီး ဒေါက်တာမြင့်ထွေးက အဲဒီအစည်းအဝေးမှာ ပြောခဲ့ပါတယ်။

တစ်ကမ္ဘာလုံးက လက်ရှိအသုံးပြုထိုးနှံပေးနေတဲ့ COVID-19 ကာကွယ်ဆေးတွေဟာ ဓာတ်ခွဲခန်းနဲ့ သုတေသန လေ့လာစမ်းသပ်ချက်တွေအရ လက်တွေ့ထိုးနှံပြီးပါက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာကို ဆက်လက် လေ့လာနေဆဲဖြစ်ပဲလို့ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ဇန်နဝါရီ ၂၂ ရက်နေ့က အိန္ဒိယနိုင်ငံကနေ ကိုဗစ်ကာကွယ်ဆေး အလုံးရေ တစ်သန်းခွဲရောက်လာပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေဆီ ဇန်နဝါရီ ၂၄ ရက်နေ့ ဒီနေ့ စတင်ပို့ဆောင်မှာဖြစ်ပြီး အအေးခန်းသိုလှောင်ခန်းမှာ ထားရှိရမှာဖြစ်ပါတယ်။ လူဦးရေ ခုနစ်သိန်းခွဲကို ဒီကာကွယ်ဆေး တစ်သန်းခွဲ ထိုးပေးမှာဖြစ်ပြီး ပထမဦးစားပေးအနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ ဗဟိုအစိုးရနဲ့ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်တွေ ပါဝင်ပါတယ်။

ရန်ကုန်တိုင်းထဲက မြို့နယ်အချို့မှာ ကိုဗစ်ကာကွယ်ဆေးထိုးမယ့် သူတွေစာရင်းလည်း စတင်ကောက်ယူ နေပါတယ်။ ကိုဗစ်ကာကွယ်ဆေးဟာ အသက် ၁၈နှစ်နဲ့ အထက်တွေကိုသာ အသုံးပြုနိုင်တာဖြစ်ပြီး အသက် ၁၈ နှစ်အောက်နဲ့ နို့တိုက်မိခင်တွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကိုဗစ် ၁၉ အတည်ပြုလူနာတွေ၊ သံသယ လူနာတွေနဲ့ ရောဂါလက္ခဏာ ပျောက်ကင်းပြီးနောက် ၁၄ ရက် မကျော်သေးသူတွေ ထိုးနှံလို့ မရဘူးလို့ အားကစားနဲ့ ကျန်းမာရေးဝန်ကြီးဌာနက ကြေညာထားပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ် အတည်ပြုလူနာ တစ်သိန်းသုံးသောင်းကျော်၊ ကိုဗစ် ၁၉ ကြောင့် သေဆုံးသူ ၃၀၄၅ ဦးရှိပြီး အတည်ပြုလူနာတွေထဲက ၆၃ ရာခိုင်နှုန်းဟာ ရောဂါလက္ခဏာမပြဘဲ လူကောင်းအတိုင်း နေထိုင် နေသူတွေ ဖြစ်တယ်လို့ တွေ့ရှိထားကြောင်းလည်း သတိပေးထားပါတယ်။

RFA Burmese

ကိုဗစ်ကာကွယ်ဆေးတွေကို ဆေးရုံကြီးတွေမှာ ထိုးပေးမည်

မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး ဦးစားပေးထိုးနှံမည့်သူစာရင်း ကောက်ခံနေပြီ

ကိုဗစ်ကာကွယ်ဆေးထိုးထားသူကနေ တခြားသူကို ဆက်ကူးနိုင်ခြေရှိ