ကိုဗစ်ကာကွယ်ဆေးမြန်မာပြည်ရောက်ပြီ

22-Jan-2021

အိန္ဒိယကလှူဒါန်းတဲ့ COVISHIELD -ကိုဗစ်ရှီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ယူနစ်ပေါင်း (၁.၅)သန်းကျော်မြန်မာနိုင်ငံကိုရောက်ရှိပါပြီ။ဒီဆေးပမာဏဟာ လူဦးရေ(၇)သိန်းကျော်ကို စတင်ထိုးပေးနိုင်မှာဖြစ်ပါတယ်။ကိုဗစ်ဆေးတွေကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ် ကြီး မစ္စတာ Saurabh Kumarက မြန်မာနိုင် ငံကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ဆေးသုတေသနဦးစီးဌာနညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်းထွန်းထံကို ဒီကနေ့ လွှဲပြောင်းပေးအပ်ခဲ့တာပါ။

ကိုဗစ်ရှီးကို အိန္ဒိယနိုင်ငံ Serum Institute of India ကထုတ်တာပါ။ကိုဗစ်ကာကွယ်ဆေးတွေကို ဖေဖော်ဝါရီမှာ အစောဆုံးထိုးပေးမှာဖြစ်သလို ကျန်းမာရေးဝန်ထမ်း(၁)သိန်းကျော်နဲ့ အသက်(၆၅)နှစ်နဲ့အထက် တွေ၊အရေးကြီးတာဝန်တွေကိုထမ်းဆောင်ရတဲ့ အစိုးရအဖွဲ့ဝင်တွေကိုကနဦးထိုးပေးမယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကပြောထားပါတယ်။အခုမြန်မာနိုင်ငံကိုရောက်လာတဲ့ ကိုဗစ်ကာကွယ်ဆေး ကိုဗစ်ရှီးရဲ့မူရင်းက ယူကေနိုင်ငံ အောက်စဖိုဒ့်တက္ကသိုလ်က သုတေသနပြုထားတဲ့ ေအာက်စဖိုဒ့် အက်စတြာဇနက်က ဆိုတဲ့ ကာကွယ်ဆေးပါ။အဲဒီဆေးကို အိန္ဒိယနိုင်ငံ Serum Institute of India ကကိုဗစ်ရှီးအမည်နဲ့ယူထုတ်ထားတာပါ။ အခုဆေးရဲ့ကာကွယ်နိုင်စွမ်းက ၇၅ရာခိုင်နှုန်းကျော်ရှိသလို ကာကွယ်ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေအလွန်နည်းပြီး သာမန်ကာကွယ်ဆေးထိုးရင်ကြုံတွေ့ရတဲ့ရောဂါလက္ခဏာလောက်ပဲဖြစ်နိုင်တယ်လို့ အိန္ဒိယမှာ ကိုယ်တိုင်သွားရောက်ပြီး ဆေးရရှိရေးဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံဆေးသုတေသနဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ဘီဘီစီကိုဖြေကြားထားပါတယ်။

ဘီဘီစီမြန်မာပိုင်း

ဓာတ်ပုံ- မြန်မာနိုင်ငံဆိုင်ရာအိန္ဒိယသံရုံး