ကရင်ဝန်ကြီးချုပ် အနိုင်ရမှုကို ပြိုင်ဘက် KNDP ကိုယ်စားလှယ် ဂုဏ်ပြု

10-Nov-2020

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ပြည်နယ်လွှတ်တော် မဲဆန္ဒနယ် အမှတ်(၁) မှာ မဲအများဆုံး ရရှိသူက လက်ရှိ ပြည်နယ် ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် ဖြစ်ပါတယ်။

ဒေါ်နန်းခင်ထွေးမြင့်က ၅၇၇၇၁ မဲ၊ ကရင်အမျိုးသားဒီမိုကရက်တစ်ပါတီ KNDP ကိုယ်စားလှယ်လောင်း နန်းစေးအွာက ၁၃၃၈၆ မဲ ရရှိတယ်လို့ ဘားအံမြို့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက အတည်ပြုပါတယ်။

ရွေးကောက်ပွဲမှာ ဝန်ကြီးချုပ် ထပ်မံအနိုင်ရရှိတာကို ဂုဏ်ပြုကြောင်း KNDP က ကိုယ်စားလှယ်လောင်း နန်းစေးအွာက ဒီနေ့ ပြောပါတယ်။

“ဘယ်နိုင်ငံရေးပါတီမဆို ကိုယ့်ရဲ့ ပြိုင်ဘက်တွေကို ရန်သူလို့ မသတ်မှတ်တဲ့အတွက်ကြောင့် အတူတကွ ဝင်ရောက်ယှဉ်ပြိုင်တာ သူမက အနိုင်ရရှိတဲ့အတွက်ကြောင့် ကျမတို့က ဂုဏ်ပြုရမယ်။ နိုင်တဲ့သူကို ဂုဏ်ပြုသင့်တယ်။ ဒါကြောင့် ကျမက ဂုဏ်ပြုပါတယ်လို့ ပြောကြားချင်ပါတယ်။ သူမအနေနဲ့ ပထမတစ်ကြိမ်၊ ဒုတိယတကြိမ် အနိုင်ရရှိတာက အရည်အချင်း ရှိလို့ပါပဲလို့ ကျမ ပြောချင်တယ်။ ပြည်သူလူထုတွေက အားကိုးလောက်လို့ ဒီလိုပဲ ကျမက ယူဆပါတယ်”

KNDP အနေနဲ့ ပါတီ သက်တမ်းမရှည်ကြာသေးကြောင်း၊ ပါတီ ရည်ရှည်တည်တံ့ခိုင်မြဲဖို့နဲ့ ပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့ အရည်အချင်းတွေကို မြှင့်တင်ပေးဖို့ လိုအပ်နေသေးကြောင်း သူက ဆက်ပြောပါတယ်။

ဘားအံမြို့နယ်မှာ NLD က ကိုယ်စားလှယ်လောင်းတွေဖြစ်တဲ့ ဘားအံအမှတ်(၂)က ဦးသန်းနိုင်၊ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်က နန်းသန်းသန်းလွင်၊ အမျိုးသားလွတ်တော် အမှတ်(၆) မဲဆန္ဒနယ်က စောမိုးမြင့်နဲ့ အမျိုးသားလွှတ်တော် အမှတ်(၇) နယ်မြေက စောသန်းထွဋ် တို့လည်း အနိုင်ရပါတယ်။

တိုင်းရင်းသားရေးရာ ဝန်ကြီးတွေနေရာမှာပဲ NLD က ကိုယ်စားလှယ်တွေနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

ဗမာတိုင်းရင်းသားရေးရာ ဝန်ကြီးနေရာအတွက် ဦးမျိုးဇာနည်မောင်၊ မွန်တိုင်းရင်းသားရေးရာ ဝန်ကြီး နေရာအတွက် နိုင်ထွန်းချစ်၊ ပအိုဝ်းတိုင်းရင်းသားရေးရာဝန်ကြီး နေရာအတွက် ဦးခွန်မျိုးတင့်တို့ ဖြစ်ကြပါတယ်။

Crd RFA