မန္တလေးမှာ ကိုဗစ် ကူးစက်မှုနဲ့ သေဆုံးမှုနှုန်း မြင့်တက်လာနေ

18-Dec-2020

မန္တလေးတိုင်းဒေသကြီး အတွင်းမှာ ကိုဗစ် အတည်ပြုလူနာ တွေ့ရှိမှု အရေအတွက် တစ်သောင်း ကျော်လာပြီ ဖြစ်ပါတယ်၊

ဒီဇင်ဘာလ ၁၅ ရက်နေ့ တစ်ရက်တည်းမှာ ကိုဗစ် ဓာတ်ခွဲအတည်ပြုလူနာအသစ် ၃၆၉ ယောက် ထပ်တွေ့ခဲ့ပြီး ဒီဇင်ဘာလ ၁၆ ရက် နေ့မှာတော့ ၃၃၅ ယောက် တွေ့ရှိခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မန္တလေးမြိုမှာ ကိုဗစ်ကြောင့် သေဆုံးသူအရေအတွက်ဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့အထိ ၁၄၀ ဦးအထိ ရှိလာနေပြီလို့ သိရပါတယ်။

ဒီဇင်ဘာ ၁၇ ရက်နေ့ တရက်တည်းမှာတင် မန္တလေးမြိုမှာ ကိုဗစ်လူနာ ၁၀ ဦးထက် မနည်း သေဆုံးခဲ့ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့ တုန်းက သေဆုံးသူ ၁၄ ဦးလောက်အထိ နာရေးအတွက် ကူညီပေးခဲ့ရတယ်လို့ မန္တလေးအခြေစိုက် ပရဟိတ မင်းခေါင် ရှာဖွေ ကယ်ဆယ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခင်မောင်တင့်က ဘီဘီစီကို ပြောပါတယ်။

မန္တလေးမြိုမှာ ဒီဇင်ဘာလ ၁၆ ရက်နေ့က ကိုဗစ်ကြောင့် သေဆုံးခဲ့သူတွေထဲမှာ ၇ လသားအရွယ် ကလေးငယ် တစ်ဦးလည်း ပါတယ်လို့ သူက ဘီဘီစီကို ပြောပါတယ်။

ကိုဗစ်ကြောင့် သေဆုံးခဲ့တဲ့ ၇ လသားအရွယ် လူနာ ကလေးငယ်ဟာ ယောက်ျားလေး ဖြစ်ပြီး မန္တလေးမှာ ကိုဗစ်ကြောင့် သေဆုံးသူတွေထဲမှာ အသက်အငယ်ဆုံး ဖြစ်တယ်လို့ ပရဟိတမင်းခေါင် ရှာဖွေကယ်ဆယ်ရေး အသင်းက ဘီဘီစီကို ပြောပါတယ်။

ဒီဇင်ဘာလ ၁၆ ရက်နေ့ အထိ မြန်မာတစ်နိုင်ငံလုံး စုစုပေါင်း ကိုဗစ် လူနာ တစ်သိန်းကျော်ထဲမှာ ရန်ကုန်တိုင်းက ခုနစ်သောင်းကျော်နဲ့ အများဆုံးဖြစ်ပြီး မန္တလေးတိုင်းက တစ်သောင်းကျော်နဲ့ ဒုတိယ၊ ပဲခူးတိုင်းဒေသကြီးက ခြောက်ထောင်ကျော်နဲ့ တတိယနေရာမှာ ရှိနေပါတယ်။

ရန်ကုန်နဲ့ မန္တလေးပြီးရင် ပဲခူးတိုင်းမှာ ကိုဗစ်ရောဂါ တွေ့ရှိမှုတွေ တိုးလာနေရာမှာ ကိုဗစ်လူနာ ၆၅၀၀ကျော် အထိရှိလာနေပြီး ရခိုင်ပြည်နယ်ကို ကျော်လာခဲ့ပြီဖြစ်ပါတယ်။

ပဲခူးတိုင်းထဲမှာ ပဲခူးမြို့က ကူးစက်ခံရသူ အများဆုံးဖြစ်ပြီး ရောဂါပိုး တွေ့ရှိတဲ့နေရာတွေကို အပြင်နဲ့ အဆက်အသွယ် မလုပ်ဖို့ အဓိက ကန့်သတ်ပြီး ဆောင်ရွက်နေတယ်လို့ ပဲခူးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးမှူး ဖြစ်သူ ဒေါက်တာ ရန်နိုင်မောင်က ဘီဘီစီကို ပြောပါတယ်။

မန္တလေးခရိုင်အတွင်း လော့ခ်ဒေါင်းကာလ သတ်မှတ်ထားတာ နှစ်ပတ်လောက် ရှိလာပြီ ဖြစ်ပေမဲ့ ဗိုင်းရပ်စ်ပိုး ကူးစက်မှုတွေ လျော့ကျမသွားသေးသလို လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ သတ်မှတ်ရက် ပြည့်မယ့် လော့ခ်ဒေါင်းကာလ သက်တမ်း တိုးမတိုး ဆိုတာလည်း မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၁၆ နဲ့ ၁၇ ရက်တွေမှာ မန္တလေးမြို့မှာ ကိုဗစ်ကူးစက်မှု အများဆုံး ဖြစ်တဲ့နေရာက အောင်မြေသာစံ မြို့နယ် ဖြစ်ပြီး ဒီဇင်ဘာလ ၁၆ ရက်နေ့က အဲဒီတစ်မြို့နယ်ထဲမှာတင် ဓာတ်ခွဲ အတည်ပြုလူနာ ၈၅ ဦး တွေ့ရှိခဲ့ပါတယ်။

မန္တလေး အောင်မြေသာစံမဲ ဆန္ဒနယ်ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာလှမိုးကတော့ လော့ခ်ဒေါင်း ချမှတ်လိုက်တဲ့ နှစ်ပတ်တာကာလရဲ့ အကျိုးထိရောက်မှု ရှိမရှိဆိုတာကို ဒီဇင်ဘာလ ၁၈ ရက်နောက်ပိုင်းမှသာ သိနိုင်မယ်လို့ ဘီဘီစီကို ပြောပါတယ်။

မန္တလေးမြို့မှာ ကိုဗစ်လူနာတွေကို မန္တလေးပြည်သူ့ဆေးရုံကြီး၊ ကန်တော်နဒီဆေးရုံ၊ ဧရာဝတီစင်တာ၊ အလုပ်သမားဆေးရုံ၊ တိုင်းရင်းဆေးရုံနဲ့ သံဃာ့ဆေးရုံ စတဲ့ နေရာတွေမှာ ကုသမှုတွေ ဆောင်ရွက် ပေးနေပါတယ်။

ကိုဗစ်ရောဂါ ကုသပေးနေတဲ့ ဧရာဝတီစင်တာမှာ ကျန်းမာရေးဝန်ထမ်း ဆရာဝန်၊ သူနာပြု၊ဆေးဝါး ကျွမ်းကျင်သူတွေ၊ ဓာတ်ခွဲခန်း ကျွမ်းကျင်သူတွေနဲ့အတူ စေတနာ့ဝန်ထမ်းတွေ၊ အိုင်တီ နည်းပညာရှင်တွေ၊ ဆောက်လုပ်ရေးနဲ့ ရေမီးလျှပ်စစ် ကျွမ်းကျင်သူတွေ၊ လူနာတင် ယာဉ်မောင်းသူတွေနဲ့ လုံခြုံရေးတာဝန်ယူသူတွေ အားလုံးပေါင်း ၃၀၀ နီးပါးက နေ့စဉ် လုပ်ကိုင် ဆောင်ရွက်ပေးနေတယ်လို့ ဧရာဝတီစင်တာက ထုတ်ပြန်ထားပါတယ်။

ကိုဗစ် လူနာတွေ အခုရက်ပိုင်း တိုးလာနေတဲ့ အပေါ် မန္တလေး ဒေသခံတွေက စိုးရိမ်နေကြသလို လော့ခ်ဒေါင်း ကာလ ကြာလာရင် စားဝတ်နေရေး ခက်ခဲလာမှာကိုလည်း စိုးရိမ်နေကြပါတယ်။

ရန်ကုန်မြို့မှာ လာရောက် ကူညီနေကြတဲ့ တိုင်းနဲ့ပြည်နယ်တွေက ကျန်းမာရေးဝန်ထမ်းတွေဟာ နယ်မြို့တွေမှာ ဖြစ်ပွားမှုတွေ ပြန်လည် မြင့်တက်လာတဲ့အတွက် သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ်တွေကို ပြန်ရတာတွေ ရှိလာနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ညွှန်ကြားရေးမှူး ဒေါက်တာ ခင်ခင်ကြီးက ဘီဘီစီကို ပြောပါတယ်။

BBC News

ယခုကဲ့သို့ နောက်ဆုံးရသတင်းများနှင့် သိရှိလိုသော ဒေသဆိုင်ရာအချက်အလက်များကို www.winnetmyanmar.com နှင့် winnetmyanmar Facebook Page တို့တွင် ဝင်ရောက်ဖတ်ရှု ရေးသား ဆွေးနွေးနိုင်ပါသည်။