ခရစ္စမတ်နှင့် နှစ်သစ်ကူးပိတ်ရက်များတွင် ပြင်ဦးလွင်မြို့သို့ လာရောက်လည်ပတ်ခွင့်ပြုမည်မဟုတ်

26-Dec-2020

ပြင်ဦးလွင် ဒီဇင်ဘာ ၂၅

ခရစ္စမတ်ပွဲတော်နှင့် နိုင်ငံတကာ နှစ်သစ်ကူး ကာလရှည် ရုံးပိတ်ရက်များအတွင်း ပြင်ဦးလွင် မြို့သို့လာရောက်လည်ပတ်မည့်သူများအား ကိုဗစ်၁၉ ကာကွယ်ရေးအတွက် တားမြစ်သွားရန် စီစဉ် လျက်ရှိကြောင်း ခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီး ဌာနရုံးမှ သိရသည်။ ။

"ခရစ္စမတ်ပိတ်ရက် ဒီဇင်ဘာ ၂၅၊ ၂၆၊ ၂၇ နဲ့ နှစ်သစ်ကူးရုံးပိတ်ရက် ဒီဇင်ဘာ ၃၁ ရက်ကနေ ၂၀၂၁ ဇန်နဝါရီလ ၄ ရက်အထိ အဲဒီရက်တွေမှာ ပြင်ဦးလွင်စစ်ဆေးရေးဂိတ်ကိုလည်း ပိုမိုတင်းကျပ်စွာ စစ်ဆေးသွားမှာဖြစ်ပါတယ်"ဟု ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသန်းဝင်းက ပြောကြားသည်။

ထို့အပြင် မြို့ရှောင်လမ်းနှင့် ထင်းရှူးတော စသည့် နေရာများ၊ မြို့တွင်းမှ လူစည်ကားရာ လည်ပတ်နိုင်သည့် နေရာများတွင်လည်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးမှူး၏ ဦးဆောင်မှုဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ အခြား ဌာနဆိုင်ရာများ ပူးပေါင်းကာ အဖွဲ့လေးဖွဲ့ ခွဲ၍ စစ်ဆေးမှုများ လိုက်လံဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၃ မိုင်ဂိတ်၌ စစ်ဆေးမှုများ ဆောင်ရွက်ရာတွင် လည်း ကျန်းမာရေးထောက်ခံစာ မပါရှိဘဲ အလည်အပတ် လာရောက်သူများအား ဝင်ရောက်ခွင့်ပြု မည်မဟုတ်ကြောင်း သိရသည်။

မြတ်ဆုမွန်